သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ညီနောင်မဟာမိတ် ၃ ဖွဲ့စတင်လိုက်သည့် "၁၀၂၇ စစ်ဆင်ရေး"ကို ထောက်ခံပြီး ပူးပေါင်းပါ၀င်မည်ဟု NUG ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ညီနောင်မဟာမိတ်များဖြစ်ကြသည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့ ပူးတွဲဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ထောက်ခံပြီး ပူးပေါင်းပါ၀င်သွားမည်ဟု ထုတ်ပြန်ထားသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမည်ဖြစ်ကြောင်း” အောက်တိုဘာလ ၂၇ ရက် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှာ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို မိမိတို့ ယခုထက်ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့၏အဖွဲ့အစည်းများအပေါ် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ညအချိန်မရွေး ပစ်ခတ်တိုက်ခတ်နေမှုများအပေါ်  ဟန့်တားမှု ရရှိနိုင်ရေးအပါအဝင် Online Game လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် Operation 1027 စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်တွင် စတင်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးတို့ကို မမှိတ်မသုံ ဆောင်ရွက်ကြရမည်ဖြစ်သောကြောင့် ခုခံတော်လှန်စစ်တွင် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါ၀င်ကြရန်လည်း NUG ၏ ဆိုပါထုတ်ပြန်ချက်တွင် အလေးထား တိုက်တွန်းထားသည်။

ညီနောင်မဟာမိတ်များ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအောင်မြင်ရေး အထောက်အပံ့ဖြစ်စေရန် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း “တောင်သမန်” စစ်ဆင်ရေးဖြင့် ပူးပေါင်းပါ၀င်တိုက်ခိုက်မည်ဟု ကြေညာ ထားပြီး ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် (BPLA)မှလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ် များကို ပူးပေါင်းပါ၀င် တိုက်ခိုက်နေကြောင်း သိရှိရသည်။  

MNDAA တပ်ဖွဲ့က ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ရှိ စစ်ကောင်စီစခန်းတခုကို ယနေ့ညနေ ၃ နာရီခန့်တွင် ထပ်မံသိမ်းပိုက်လိုက်သည့်အတွက် တိုက်ပွဲများပြင်းထန်နေပြီး လောက်ကိုင်မြို့ကိုလည်း MNDAA က သိမ်းယူရန် ထိုးစစ်ဆင်နေကြောင်း ဒေသအခြေစိုက် သတင်းဌာနတချို့တွင် ဖော်ပြကြသည်။

လက်ရှိအချိန်အခြေအနေမှာ ရှုပ်ထွေးနေပြီး စစ်ကောင်စီဘက်မှလည်း အင်အားဖြည့်ကာ လေကြောင်းအပါအဝင် အတွဲ လိုက်ပစ် ခတ်နိုင်သည့် တာဝေးပစ်ဒုံးများအသုံးပြု တိုက်ခိုက်နေသည်ဟု ဆိုသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီက ယနေ့ ညနေ ၆ နာရီခန့်တွင် MPT၊ Oredoo နှင့် Telonor ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ထားပြီး စစ်ကောင်စီပိုင် Mytel နှင့် MEC လိုင်းများကိုသာ အသုံးပြုခွင့်ပေးထားသည်ဟု ဒေသအတွင်းအခြေစိုက်သည့် The Kachin Sub- State Media သတင်းတွင် ဖော်ပြထားသည်။ (NN-14)

Photo by - The Kokang

ပုံစာ။ စစ်ကောင်စီတပ်စခန်းမှ MNDAA သိမ်းဆည်းရရှိထားသည့် လက်နက်နှင့် စစ်အသုံးအဆောင်များ။

ဆက်စပ် သတင်းများ