- Web Master
- ၀၆ ဇွန် ၂၀၂၄
(မောင်တောဂရုဏာကွန်ယက်မှ အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ)
နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၁ ရက်/၂၀၂၄
မောင်တောလေးမိုင် အခြေစိုက် နယ်ခြားစောင့်တပ် နခခ(၂) အထိနာနေ၍ စစ်ကောင်စီက တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ရခိုင်ကျေးရွာနှစ်ရွာကို ညအချိန် ဗုံးကြဲတိုက်ခိုက်၍ မောင်တောဂရုဏာ ကွန်ယက်မှ အဖွဲ့ဝင် အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
သေဆုံးသွားသူ အမျိုးသမီးမှာ မောင်တောမြို့ပေါ်ကနေ ရွှေဗဟိုလ်ကျေးရွာ၌ စစ်ဘေးရှောင်နေသူ အသက် ၂၅ နှစ်အရွယ် မပန်းအိဖြူ (ဘ) ဦးကျော်သိန်းခိုင် ဖြစ်ပြီး သူမ၏ ဖခင်တွင်လည်း ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
"မနက်ပိုင်း ၃ နာရီ ၄၅ မိနှစ်ကျော်နဲ့ ၄ နာရီလောက်မှာ စစ်ကောင်စီလေယာဉ်က ဗုံး ၃လုံး လာချတာ။ ရွှေဗဟိုလ်ရွာမှာ ၂ လုံး၊ သရီကုန်ဘောင်ရွာမှာ ၁ လုံး ကျတယ်။ လူတွေအိပ်ပျော်နေချိန်ဆိုတော့ ဘယ်လိုမှ ရှောင်တိမ်းဖို့ မရလိုက်ကြဘူး။ မောင်တောက စစ်ဘေးရှောင်လာတဲ့ မောင်တော ဂရုဏာကွန်ယက်က အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီးသေသွားတယ်။ သူမဖခင်မှာလည်း ဒဏ်ရာ ရသွားတယ်။ ဒဏ်ရာရသူ ၅ ဦးထက်မနည်းရှိတယ်"ဟု ပြောကြားသည်။
၎င်း ရွှေဗဟိုလ်နှင့် သရီကုန်ဘောင်မှာ မောင်တောမြို့တောင်ဘက်တွင် တည်ရှိပြီး ၎င်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဟု ကျေးရွာသားများက ပြောသည်။
ရွှေဗဟိုလ်ကျေးရွာ၌ မပန်းအိဖြူ ဖခင်ဦးကျော်သိန်းခိုင်နှင့် အစ်ကိုဖြစ်သူဦးကျော်မင်းထွန်း မိသားစု နှစ်စု စစ်ဘေးရှောင်နေကြစဉ် ယခုကဲ့သို့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဂျက်ဖိုင်တာက ၂ စီးပါ။ ဗုံးချတာ ရွှေဗဟိုကျေးရွာမှာ ၂ လုံးကျတယ်။ သရီကုန်ဘောင်ကျေးရွာမှာ ဗုံး ၁ လုံးကျတယ်။ အဲဒီက ဗုံးစတွေထိမှန်ပြီး သေဆုံးသူ သေဆုံး၊ ဒဏ်ရာရသူရ ဖြစ်ကြတာပါ။ မောင်တော ၄ မိုင် နခခ (၂) ရဲ့ မြောက်ဖက်ကျေးရွာများကြားမှာ ၁ လုံး ဗုံးချခဲ့တယ်လို့ သိရပါတယ်။ ရွာမှာ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲနဲ့ လာချတာပါ။ အရမ်းစိတ်နာဖို့ ကောင်းပါတယ်”ဟု ပြောကြားသည်။
သီရိကုန်ဘောင်နှင့် ရွှေဗဟိုကျေးရွာနှစ်ခုစလုံးတွင် သေဆုံးထိခိုက်ဒဏ်ရာရသူများအခြေအနေနှင့် အပျက်အစီးများကို နိရဉ္စရာသတင်းဌာနမှ ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်ပါသည်။
မောင်တော တောင်ပိုင်း သရီကုန်ဘောင်ကျေးရွာအားမေလ ၁၉ ရက် မနက် ၁၀ နာရီ ကျော်၌ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကြဲချခဲ့ရာ ဒေသခံ ၂ ဦးဒဏ်ရာရရှိပြီး ကျေးလက်ဆေးပေးခန်း အပါအဝင်လူနေအိမ် ၅ အိမ်ပျက်စီးသွားခဲ့ရသည်။
အလားတူ မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်း ရခိုင်ကျေးရွာအား မေလ ၁၄ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်၌ စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးလာရောက်ကြဲချခဲ့၍ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၆ ထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
နောက်ဆုံးရရှိသော သတင်းအရ ငွေတောင်ကျေးရွာ စာကြည့်တိုက်လည်း ဗုံးချခံရ၍ ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း သိရှိရပါသည်။
(ဓာတ်ပုံ- ပုံဟောင်းသာ)