စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

နီပေါတွင် လေယာဉ်ပျက်ကျ၊ လူ (၁၈) ဦး သေဆုံးပြီး လေယာဉ်မှူးတစ်ဦးတည်းသာ အသက်ရှင်လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 534

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၂၄/ ၂၀၂၄

နီပေါတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ (၁၈) ဦး သေဆုံးခဲ့ပြီး လေယာဉ်မှူးတစ်ဦးတည်းသာ အသက်ရှင်လွတ်မြောက်ခဲ့ ကြောင်း India Today ကသတင်းဖော်ပြသည်။

နီပေါနိုင်ငံ၊ ခတ္တမန္ဒူ ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် လေယာဥ်အမှုထမ်းအပါအ၀င် လူ (၁၉)ဦးလိုက်ပါလာသော Saurya လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ဇူလိုင်(၂၄)ရက်က ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Saurya လေကြောင်းလိုင်းမှ လေယာဉ် 9N-AME (CRJ 200)သည် Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ စတင် ပျံတက်စဉ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး တွဲဖက်လေယာဉ်မှူး အပါအ၀င် (၁၈)ဦး သေဆုံးခဲ့ကာ ၊ အသက် (၃၇) နှစ်အရွယ် လေယာဉ်မှူး Manish Shakya တစ်ဦးသာ လွတ်မြောက်ခဲ့သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသူအများစုမှာလေကြောင်းလိုင်း၏ နည်းပညာဆိုင်ရာ ဝန်ထမ်းများဖြစ်ကြောင်းTribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ပြန်ကြားရေးအရာရှိ Gyanendra Bhul က ပြောကြားခဲ့သည်။

လေယာဥ်မှူးShakya ကို လေယာဥ် အပျက်အစီးများကြားမှ ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးဝါး ကုသမှုခံယူရန်အတွက် ၄င်းအား Sinamangal ရှိ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။

သေဆုံးသူများထဲတွင် Saurya လေကြောင်းလိုင်း ၏ နည်းပညာရှင် ဖြစ်သူ Manu Raj Sharma ၏ ဇနီးနှင့်ကလေးတို့လည်းပါဝင်ခဲ့သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အဆိုပါ လေယာဉ်သည် လေယာဥ်ပြေးလမ်း၏ တောင်ဘက်အစွန်ဆုံးလမ်းကြောင်း မှ ပျံတက်သွားပြီးမကြာခင် ညာဘက်ကို ယိမ်းထိုးသွားကာ လေယာဉ်၏ တောင်ပံထိပ်ဖျားသည် မြေပြင်ကိုထိမှန်သွားပြီး လေယာဉ် ပြေးလမ်း၏ အရှေ့ဘက်ခြမ်းသို့ထိုးကျ သွားကျခဲ့ကြောင်းခတ္တမန္ဒူပို့စ် သတင်းတွင် ဖော်ပြထားသည်။

လေယာဉ်ပျက်ကျပြီးနောက် ချက်ချင်းဆိုသလို လေယာဉ်သည် ပေါက်ကွဲ ကာ မီးလောင်သွားပြီး လေယာဉ်ပေါ်မှ မီးခိုးငွေ့များ ထွက်လာသည်ကို တွေ့ရ ကြောင်း၊ ယင်းနောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်သမားများ ရောက်ရှိလာခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

နီပေါ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Saurya လေကြောင်းလိုင်းမှ လေယာဉ်သည် လေယာဉ်အမှုထမ်းနှစ်ဦးနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာရှင် (၁၇)ဦးတို့ကို တင်ဆောင်ကာ Pokhara မြို့သို့ ဦးတည်ပျံသန်းစဉ် ယခုကဲ့သို့ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း လေဆိပ်လုံခြုံရေး အကြီးအကဲ Arjun Chand Thakuri က ပြောကြားခဲ့သည်ဟု Times of India က သတင်းဖော်ပြသည်။

သို့ရာတွင် လေယာဥ် ပျက်ကျရသည့် အကြောင်းရင်းကိုမူ ယခုချိန် ထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယခုပျက်ကျခဲ့သောBombardier CRJ-200ERလေယာဉ်ကို၂၀၀၃ ခုနှစ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Source/India Today/Times of India

---

ဆက်စပ် သတင်းများ