အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မလေးရှား တတိယအကြိမ်မြောက်ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုညီလာခံကို ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 724

မင်းသျှင်စော နိရဉ္စရာ၊စက်တင်ဘာ ၁ ၊၂၀၂၄

တတိယအကြိမ်မြောက် ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုညီလာခံကို မလေးရှားနိုင်ငံတွင် ယနေ့  စက်တင်ဘာ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားကို  Center for Arakan Refugees က ဦးစီးပြီး ပုချွန်းမြို့နယ်တွင် Bungaraya Hall ခန်းမတွင် နေလယ် ၁၂ နာရီခွဲမှ ညနေ ၅ နာရီထိ ကျင်းပခဲ့ကာ အစည်းအဝေးကို Agenda အစီအစဉ် (၁၂) ရပ်နှင့် ပြုလုပ်ခဲ့သည်ဟု သိရသည်။

လက်ရှိအဆိုပါ အဖွဲ့၏ဥက္ကဋ္ဌ ကိုသန်းဌေးက " ကျွန်တော်တို့က ဒီနေ့လုပ်တဲ့ညီလာခံက အဓိက ရည်ရွယ်ချက်က ရခိုင်ပြည်ကနေ ဒီနိုင်ငံကို ရောက်ရှိနေတဲ့ ကျွန်တော်တို့ လူမျိုးအတွက် အခုအချိန်မှာ တအား အရေးကြီးတယ်။ ဒီနိုင်ငံမှာဆိုရင်လည်း အဖမ်းအဆီးက အရမ်းကြမ်းနေတယ်။ နေမကောင်းရင် အထောက်အထား မပြည့်စုံလို့ ဆေးရုံ ဆေးခန်းသွားရတာလည်း မလွယ်ဘူး။ နောက်ပြီး အလုပ်အကိုင် မရှိတဲ့ လူတွေက နေစရာနေရာက တအားရှားတယ်။ အခု မလေးရှားက အရင်နဲ့ မတူဘူး။  ဒီလို ပြသနာကို ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတယ်။ အခုလို ပြသနာတွေကို  ညီညီညာညာနဲ့ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင် ကျော်လွှားပြီးတော့ အနာဂတ်မှာ အများကြီးလုပ်ဆောင်နိုင်အောင်လို့ အခုလို ကျင်းပတာပါ"ဟု  နိရဉ္စရာကို ပြောကြားသည်။

Center for Arakan Refugees သည် မလေးရှားနိုင်ငံတွင် ရခိုင်ပြည် မြို့နယ်ပေါင်းစုံမှ ရောက်ရှိလာသော ရခိုင်လူမျိုးတို့၏ ကျန်းမာရေး၊ အဖမ်းအဆီးခံရသူများနှင့် အလုပ်မရှိသူ များကို ကူညီ စောင့်ရှောက်ပေးရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိ အခြေအနေအရပ်ရပ်အပေါ်  သုံးသပ်ကာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် (၃) ကြိမ်မြောက် ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ညီလာခံတက်ရောက်သူ ကိုမြင့်ရွှေက " အခုလိုအဖွဲ့အစည်းတွေရှိလာတာ ကျွန်တော်တို့လူမျိုးအတွက် ကောင်းပါတယ်။ လူတစ်ယောက်သေရင်လည်း သဂြိုလ်ဖို့ အတွက်က အထောက်အထားမရှိယင် ဒီအတိုင်းကြည့်နေရတယ်။ အခုဆို ဒီအဖွဲ့အစည်းက အစစအရာရာကူညီစောင့်ရှောက်နေတော့ ကျွန်တော်တို့ လူမျိုးအတွက် အားထားစရာဖြစ်လာတယ်။ မလေးမှာ အဖမ်းခံရပြီး မြန်မာပြည်ကို ပြန်ပို့ခံရရင်လည်း မြန်မာမှာ အဖမ်းအဆီးကလည်း ရှိသေးတယ်။ အခု ဒီရုံးကနေ UNHCR  ရုံးနဲ့ လိုက်ပေးတော့ လွှတ်လာတဲ့သူတွေ အများကြီးရှိလာတယ်" ဟု ပြောကြားသည်။

မလေးရှားသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် ရခိုင်လူမျိုးတို့သည် အထောက်အထား မပြည့်စုံမှုကြောင့်  လက်ရှိတွင် အခက်အခဲမျိုးစုံနှင် နေ့စဉ် ကြုံတွေ့နေရပြီး အဖမ်းအဆီး အိုဘာရာစီကလည်း နေ့တိုင်းရှိနေသည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက ပြည်တွင်းစစ်မူထမ်း ဥပဒေထုတ်ပြန်ပြီးနောက် ရခိုင်လူငယ် အများအပြားသည် နည်းလမ်းမျိုးစုံနှင့် မလေးရှားသို့ ထွက်ခွာလာခဲ့ကြပြီး  အထောက်ထား မပြည့်စုံသဖြင့်  ကျန်းမာရေးအရ ဆေးကုသ၍ မရသလို အလုပ်အကိုင်ရှာဖွေရာတွင်လည်း  အခက်အခဲများနှင့် တွေကြုံတွေ့နေရသည်ဟု ဆိုသည်။

ရခိုင်ဒုက္ခသည်များဆိုင်ရာဗဟိုရုံး၏ ပထမညီလာခံကို  ၂၀၂၃ နှစ်တွင် တစ်ကြိမ်၊ ၂၀၂၄ တစ်ကြိမ်နှင့် ယနေ့ စက်တင်ဘာ ၁ ရက်နေ့တွင် တစ်ကြိမ်၊ စုစုပေါင်း (၃) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု သိရသည်။  ယခုကျင်းပ အခမ်းအနားသို့ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ