သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် မိုးကြိုးပစ်ခံရ၍ ပဥ္စမတန်းကျောင်းသား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ သြဂုတ် ၃/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြုမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာတွင် ပဥ္စမတန်းကျောင်းသား ၃ ဦး မိုးကြိုးပစ်ခံရ၍ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
သေဆုံးသွားသည့်ကလေးမှာ အသက် ၁၂ နှစ်အရွယ် မောင်သားစေ့ကေဖြစ်ပြီး ဒဏ်ရာရရှိသွားသည့်ကလေး ၂ ဦးမှာ အသက် ၁၂ နှစ်အရွယ်များဖြစ်ကြသည့် မောင်ဝေရန်စိုးနှင့် မောင်သက်ဝေရန် တို့ဖြစ်သည်။
၄င်းတို့ ၃ ဦးသည် ယမန်နေ့ သြဂုတ်လ ၂ ရက်၊ နေ့လယ် ၂ နာရီအချိန်တွင် ရွာရှိရေချိုးဆိပ်၌ ရေချိုးရန်ပြင်နေကြစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပန်းတောပြင်ကျေးရွာမှ ဦးသိန်းဖေက ပြောသည်။
"မိုးကြိုးက သူတို့ ၃ ယောက် ရေချိုးဖို့ပြင်နေတုန်းမှာ ပစ်တာ။ ကူးတို့ဆိပ်ရွာက လူတွေရောက်သွားတော့ ကလေး ၃ ယောက်လုံး ရေချိုးဆိပ်ကကုန်းမှာ လဲနေကြပြီ" ဟု ပြောသည်။
ဒဏ်ရာရသွားသည့်ကလေး ၂ ဦးတွင် မိုးကြိုးထိမှန်ပြီး ခန္ဓာကိုယ်တို့တွင် အညိုအမည်းဒဏ်ရာများရရှိခဲ့ကာ သတိလစ်သွားခဲ့သည်ဟု သိရသည်။
၄င်းတို့ကို ပန်းတောပြင်ကျေးရွာ ကျေးလက်ဆေးပေးခန်းသို့ပို့ဆောင်ခဲ့ပြီး ယနေ့တွင် သတိရနေကြပြီဟု သိရသည်။
မိုးကြိုးထိမှန်၍ သေဆုံးသွားသည့် မောင်သားစေ့ကေကို ယနေ့သြဂုတ်လ ၃ ရက်၊ နေ့လယ် ၁ နာရီတွင် ကူးတို့ဆိပ်ကျေးရွာ၌ သင်္ဂြိုလ်ခဲ့သည်ဟုလည်း သိရသည်။
မိုးကြိုးပစ်ခံရသည့် ကလေး ၃ ဦးသည် ကူတို့ဆိပ်ကျေးရွာရှိ အ.လ.က ကျောင်းတွင် ကျောင်းတက်နေကြသည့် ပဥ္စမတန်းကျောင်းသားဖြစ်ကြသည်။ (NN - 12)

ဆက်စပ် သတင်းများ