သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဂျပန်အထူးကိုယ်စားလှယ်မစ္စတာဆာဆာကာဝါ စစ်တွေသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

မြထွီးသျှင်

နိရဥ္စရာ၊ နိုဝင်ဘာ ၁၅/၂၀၂၁

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် ယနေ့နံနက်က လေကြောင်းခရီးဖြင့် စစ်တွေသို့ရောက်ရှိလာခဲ့သည်။

ရောက်ရှိလာပြီးနောက် ရခိုင်ပြည်နယ်ကောင်စီရုံးတွင် ကောင်စီတာဝန်ရှိသူများနှင့် ၁၀ မိနစ်ခန့် တွေ့ဆုံခဲ့ပြီးနောက် ကောင်စီဧည့်ဂေဟာ၌ သတင်းသမားများနှင့် ၁ဝ မိနစ်ခန့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ်တွင် မြန်မာတစ်နိုင်ငံလုံးသို့ ကိုဗစ်ကာကွယ်ဆေး ဒေါ်လာ ၃ သန်းခန့် လှူဒါန်းသွားမည့် အစီအစဉ်ရှိကြောင်း ထည်သွင်း ပြောကြားခဲ့သည်။

ယင်းနောက် သူသည် စစ်တွေရှိ ကယ်ဆယ်ရေးစခန်းအချို့နှင့် IDP Camp အချို့သို့ သွားရောက်ကြည့်ရှုနေပြီး ရခိုင်အမျိုးသားပါတီ (ANP)နှင့် နေ့လယ်ပိုင်းတွင် တွေ့ဆုံမည်ဟု သိရသည်။

မစ္စတာဆာဆာကာဝါသည် ရခိုင်သို့ နေ့ချင်းပြန်လာရောက်ခြင်းဖြစ်ပြီး ယနေ့ညနေ စစ်တွေမှ မထွက်ခွာမီ စစ်တွေရှိ မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားဦးမည်ဟုလည်း သိရသည်။

 သူသည် ရခိုင်သို့ မည်သည့်အတွက်လာရောက်သည်ဆိုသည်ကို ယနေ့နံနက်က သတင်းသမားများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားခြင်းမရှိခဲ့ပါ။

မစ္စတာဆာဆာကာဝါသည် ရခိုင်စစ်ပွဲရပ်တန့်ရန် AA နှင့် စစ်တပ်တို့အကြား အဓိက ကြားဝင် ညှိနှိုင်းပေးခဲ့သူတစ်ဦးဖြစ်သည်။

သူသည် ရခိုင်တွင် တိုက်ပွဲများ ရပ်တန့်နေသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယခုလ နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

နောက်တစ်နေ့ နိုဝင်ဘာ ၁၃ ရက်တွင် နစကကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သေးသည်။

မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီတွင် ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌဒေါက်တာအေးမောင်အပါအဝင် တိုင်းရင်းသားပါတီ ၄ ခုမှ ခေါင်းဆောင်များနှင့် ရန်ကုန်၌တွေ့ဆုံရန်ရှိသေးသည်။

ဓာတ်ပုံ - မစ္စတာ ဆာဆာကာဝါ ယနေ့နံနက်က စစ်တွေရှိ ကောင်စီဧည့်ဂေဟာ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့စဉ်။

ဆက်စပ် သတင်းများ