ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

အစ္စရေး​က ဆီးရီးယားအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်၍ အီရန်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်တစ်ဦးအပါအဝင် ထိပ်တန်းစစ်ဘက်အရာရှိ ငါးဦးသေဆုံး


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 592

အစ္စရေးက ဆီးရီးယားနိုင်ငံ၊ ဒမတ်စ်ကတ်မြို့တော်ရှိ အဆောက်အဦးတစ်ခုကို စနေနေ့က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အီရန် တော်လှန်ရေး အစောင့်တပ်မှ ဒုတိယ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်တစ်ဦးအပါအဝင် ထိပ်တန်းစစ်ဘက်အရာရှိ ငါးဦး သေဆုံးသွားသည်ဟု သိရှိရသည်။

အစ္စရေးတို့သည် ဆီးရီးယားနိုင်ငံ၊ ဒမတ်စ်ကပ်မြို့၊ မက်ဇာ့ရှ်ဒေသရှိ လုံခြုံရေးထူထပ်စွာ ချထားသော လေးထပ်အဆောက်အဦးတစ်ခုကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် အဆောက်အဦး ပြိုကျသွားပြီး အီရန်တော်လှန်ရေး အစောင့်တပ်မှ ထိပ်တန်းတပ်မှူး သုံးဦး နှင့် အခြားနှစ်ဦး သေဆုံးသွားကြောင်း ဆီးရီးယားစစ်တပ်​က ပြောဆိုသည်။

ပစ်ခတ်ခံရသော ဒမတ်စ်ကပ်မြို့ရှိ အဆောက်အဦးမှာ အီရန်တော်လှန်ရေးအစောင့်တပ်က အသုံးပြုနေသော အဆောက်အဦးတစ်ခုဖြစ်ပြီး တပ်မှူးများ အစည်းအဝေးပြုလုပ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။


သေဆုံးသွားသူများထဲတွင် ဆီးရီးယားရှိ အီရန် ကွဒ်တပ်ဖွဲ့​၏ ထောက်လှမ်းရေးဒုတိယအကြီးအကဲ ဗိုလ်ချုပ် ဆီဒက် အိုမစ်ဇာဒေ့ရှ် နှင့် ၎င်း​၏ လက်ထောက် ဟဂျ် ဂိုလမ် အပါအဝင် အီရန် ထိပ်တန်းစစ်အရာရှိ ငါးဦး နှင့် ဆီးရီးယားတပ်ဖွဲ့ဝင်အချို့ ပါဝင်သည်ဟု ဆီးရီးယား Nour news က ဖော်ပြခဲ့သည်။

ထောက်လှမ်းရေးအကြီးအကဲတစ်ဦးအပါအဝင် ထိပ်တန်းစစ်ဘက်အရာရှိများ သေဆုံးခဲ့ရသည့် အစ္စရေး​၏ တိုက်ခိုက်မှုအပြီးတွင် အီရန်သမ္မတ အီဘရာဟင် ရိုင်စီ က " ဇီယွန်ဝါဒီတို့​၏ ရာဇဝတ်မှုများအတွက် အီရန်နိုင်ငံက ငြိမ်ခံနေမည်မဟုတ်ကြောင်း" ပြောဆိုလိုက်ပြီး အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာ ကန်နာနီကလည်း " အီရန် ထိပ်တန်းအာဇာနည်များအတွက် တစ်ချိန်ချိန် တစ်နေရာရာတွင် သွေးကြွေးပြန်ဆပ်မည်ဖြစ်ကြောင်း" ပြောဆိုခဲ့သည်။

အစ္စရေးတို့​၏ ဒုံးကျည်တိုက်ခိုက်မှု ဖြစ်ပေါ်ပြီး မကြာမီမှာပင် အီရတ်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုကို အီရန်ထောက်ခံအားပေးသော စစ်သွေးကြွများက ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်သည်အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောဆိုသည်။


နောက်ထပ်နာရီအနည်းငယ်အကြာ လက်ဘနွန်နိုင်ငံတောင်ပိုင်း၊ တိုင်ရီဆပ်ကမ်းမြို့အနီးတွင် မော်တော်ကားတစ်စီးအား အစ္စရေးက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဂါဇာစစ်ပွဲ စတင်ခဲ့သည့် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေး၊ အမေရိကန် နှင့် ပါလက်စတိုင်း လက်နက်ကိုင် ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာအဖွဲ့များကို ထောက်ခံအားပေးနေသော အီရန်၊ ဆီးရီးယား၊ ယီမင်သူပုန်အုပ်စုတို့အကြား ဒုံးကျည်ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ တိုးပွားလာလျှက်ရှိသည်ဟု သိရသည်။


ဆီးရီးယားနိုင်ငံပိုင် ရုပ်သံသတင်းဌာနက စနေနေ့က အစ္စရေးတို့​၏ ကျူးကျော်တိုက်ခိုက်မှုသည် ဗင်နီဇွဲလား၊ တောင်အာဖရိက သံရုံးများအပါအဝင် သံတမန်အများစုနေထိုင်သည့် ဒမတ်စ်ကပ်မြို့၊ မက်ဇာ့ရ် ရှိ လူနေရပ်ကွက်ကို ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။

ပြိုကျသွားသော လေးထပ်အဆောက်အဦး ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များ ချထားပြီး အရေးပေါ် လူနာတင်ကား၊ မီးသတ်ကားများနှင့်အတူ အဆောက်အဦးအတွင်း ပိတ်မိနေသူများအား ရှာဖွေနေကြသည်ကို တွေ့မြင်ကြရသည်။

NN- 27

ref: The Independent

ဆက်စပ် သတင်းများ