ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင့်ဦးဆောင်ပါတီကိုကိုယ်စားပြုပြီးပေါက်တောမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်တင်ညွှန့်နဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

ဆောင်းဇာခြည် မေးမြန်းတင်ပြသည်။
(၉-၁ဝ-၂ဝ၂ဝ)

မေး- ဒေါ်တင်ညွှန့်အနေနဲ့ ဘယ်ပါတီကို ကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမလဲဆိုတာ သိလိုပါတယ်။
ဖြေ- ဒေါက်တာအေးမောင် မျိုးစေ့ချတဲ့ ရခိုင့်ဦးဆောင်ပါတီကို ကိုယ်စားပြုပြီး ပေါက်တောမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မေး- ဘာကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတာပါလဲ။
ဖြေ-ကျွန်မတို့က ရခိုင်ဆိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ ရခိုင်ခေါင်းဆောင်တွေရဲ့ နောက်ကို လိုက်ရတယ် ပေါ့နော်။ ဒေါက်တာအေးမောင်က ရခိုင်လူမျိုးအတွက် အနစ်နာခံပြီးတော့ လုပ်ခဲ့တယ်။ ဆိုတော့ ကျွန်မက ဒေါက်တာအေးမောင်ရဲ့ ခေါင်းဆောင်မှုကို သဘောကျတယ်ပေါ့။ ပြီးတော့ ကိုယ်က ပေါက်တောမြို့နယ်အနေနဲ့ ပါတီနိုင်ငံရေးလောကထဲမှာ အမျိုးသမီးထုဆိုတာ မရှိသေးဘူးလေ။ အဲဒါကြောင့် အမျိုးသမီးထုကိုယ်စား ကိုယ်က ဦးဆောင်ဦးရွက်ပြုပြီးတော့ ကိုယ့်မြို့နယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်အတွက် ကိုယ်တတ်ကျွမ်းသမျှ၊ ကိုယ်စွမ်းဉာဏ်ရှိသမျှ၊ ဝင်ရောက်လုပ်ကိုင်ချင်တဲ့အတွက်ကြောင့် တရားသောယှဉ်ပြိုင်ခြင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

မေး- ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် ဆရာမအနေနဲ့ ဘာတွေ လုပ်ပေးသွားမလဲ။
ဖြေ-ရွေးကောက်ပွဲမှာ အနိုင်ရလို့ရှိခဲ့ရင် လုပ်စရာတွေကတော့ အများကြီး ရှိမှာပေါ့။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပေါ့။ အဲဒီထဲက ပညာရေးကို ဦးစားပေးလုပ်ဆောင်ပေးသွားမယ်။

မေး- နောက်တစ်ခုက ဆရာမအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာတွေ ပြောချင်လဲ။
ဖြေ- မဲဆန္ဒရှင်တွေကို ဘာပဲဖြစ်ဖြစ် မဲပေးခွင့်ရတဲ့အချိန်မှာ မဲတစ်ပြားဟာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို သိရှိနားလည်ပြီး ပြည်သူတစ်ယောက်အနေနဲ့ ၁၈ နှစ်ပြည့်မှ နိုင်ငံသားဖြစ်မှ မဲပေးရတဲ့အတွက် အားလုံး မဲပေးကြဖို့ ပြောချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ