စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တစ်နှစ်ကျော်ကြာ ကားများသွားလာခွင့်ပိတ်ထားခဲ့သည့် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း မိုခါမုန်တိုင်းအလွန်တွင် ပြန်သွားလာခွင့်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 679

တကျော့ပြန်တိုက်ပွဲကာလကတည်းကစစ်ကောင်စီကပိတ်ထားခဲ့သည့်ပုဏ္ဏားကျွန်း- သေ့တောင်မြို့အကြား ဆက်သွယ်ထားသောကားလမ်းကို မိုခါမုန်တိုင်းအလွန်တွင်စစ်ကောင်စီကပြန်လည် သွားလာခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်းဒေသခံကားသမားများကနိရဉ္စရာသတင်းဌာနသို့ပြောသည်။


မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန်ရက်ပိုင်းအတွင်း အဆိုပါ ကားလမ်းတွင် ကားများပြန်လည် ပြေးဆွဲခွင့်ရရှိခဲ့သည်ဟု ရသေ့တောင်ဒေသခံကားသမား တစ်ဦးက ပြောသည်။

 

"မုန်တိုင်းတိုက်ပြီးရက်ပိုင်းအတွင်းမှာပဲ ကားတွေပြန်သွားခွင့်ရနေပါပြီ။မုန်တိုင်းမတိုက်ခင်ကဆိုရင် ဘေးတွဲဆိုင်ကယ်နဲ့ တုတ်တုတ်တွေ လောက်ပဲသွားခွင့်ရတာပါ။အခုလိုင်းကားတွေရော၊ ကားကလေးတွေ ပါသွားလို့ရနေပြီ။စစ်တပ်ကတော့ဂိတ်တွေနဲ့တော့ စောင့်ကြပ်ထားတုန်းပါပဲ" ဟု သူကပြောသည်။

 

လက်ရှိ အဆိုပါကားလမ်းတွင် မုန်တိုင်းသင့်ပြည်သူများကို ကူညီရန်လာသည့် ကယ်ဆယ်ရေး ယာဥ်များ၊ အိမ်ဆောက်ပစ္စည်းအပါအဝင် ကုန်စည်တင်ဆောင်သည့်ယာဥ်များ၊ လိုင်းကားများလည်း ပြေးဆွဲခွင့်ရနေပြီဟု ရသေ့တောင်မြို့သို့မုန်တိုင်းကယ်ဆယ်ရေး သွားရောက်ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

 

" ကားတွေတော့ အကုန်သွားခွင့်ရနေတာတွေ့ရပါတယ်။ဆန်ရိက္ခာတွေကအစ ကုန်ပစ္စည်းတွေလည်း သယ်ယူခွင့်ရနေပါပြီ။ဒါပေမယ့် အစစ်အဆေးကတော့တင်းကြပ်တုန်းပဲ" ဟု သူကနိရဥ္စရာသို့ပြော သည်။

 

အဆိုပါပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းကို ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေသည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်ကတည်းက စစ်ကောင်စီတပ်မှ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

 

ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် တဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားပြီးနောက် ယင်းကားလမ်းတွင် စစ်ကောင်စီ၏ လက်ဝဲစာတိုက်စစ်ဆေးရေးဂိတ်၊ ဖက်ကျကျေးရွာနှင့် ပိန္နဲတောကျေးရွာကြားစစ်ဆေးရေးဂိတ်၊ ပေါက်တောပြင် စစ်ဆေးရေးဂိတ်များချပြီး ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းသည် ဒေသခံကျေးရွာ ၆၀ လောက်အသုံးပြုနေရသည့် ကားလမ်းဖြစ်ပြီး အချိန်ကြာမြင့်စွာပိတ်ထားခဲ့သည့်အတွက် ဒေသခံများ၏ လူမှုဘဝစီးပွားရေးများ ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံ ကားသမားတစ်ဦးကပြောသည်။

 

" တစ်နှစ်ကျော်ထိပိတ်ထားတော့ ဒီလမ်းကိုအသုံးပြုနေရတဲ့ ကျွန်တော်တို့ဒေသခံတွေရဲ့ လူမှုစီးပွားရေးတွေ၊ မိသားစု စားဝတ်နေရေးတွေအကုန်လုံးပျက်စီးဆုံးရှုံးကုန်တယ်။ ဒီလမ်းမှာ ပြေးဆွဲခဲ့တဲ့ကားသမားတွေဆိုရင် ကားတွေကိုပြန်ရောင်းပြီးတော့ ပြည်ပမှာ အလုပ်လုပ်ဖို့ သွားကြပြီ အခုလည်းမုန်တိုင်းအလွန်မှာတော့ သွားခွင့်ပေးထားတာတော့ရှိတယ်။ ပြီးရင်ဘယ်လိုလုပ်ဦးမလဲ မပြောတတ်တော့ဘူး" ဟု သူကပြောသည်။

 

မေလ ၁၄ ရက်က စစ်တွေမြို့ကိုဗဟိုပြု၍ တိုက်ခတ်ခဲ့သည့် အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ် တို့မှာ မြို့နယ်လုံးကျွတ်လို ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး သန်းချီသောပြည်သူများမှာ လေဘေးနောက်ဆက်တွဲ ဒဏ်ကို ခံစားနေကြရသည်။

 

အဆိုပါလေဘေးသင့်ပြည်သူများသည် လက်ရှိတွင် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးတကြီး လိုအပ်နေသလို မုန်တိုင်းသင့် ရခိုင်ဒေသပြန်လည်နာလန်ထူနိုင်ရန် ပြည်တွင်းပြည်ပ အလှူရှင်များ၏ ကယ်ဆယ်ထောက်ပံ့မှုတို့ကို စစ်ကောင်စီ ခွင့်ပြုပေးရန် လိုအပ်ကြောင်း မုန်တိုင်းကယ်ဆယ်ရေး လုပ်နေသည့် လူမှုအဖွဲ့အစည်းတချို့က ထောက်ပြပြောဆိုကြသည်။(NN-23)

ဆက်စပ် သတင်းများ