တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးရွာဟောင်းတောမှ လယ်သမားနှစ်ဦး စစ်တပ်က ခေါ်ဆောင်သွား၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 2.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၃၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရွာဟောင်းတော ကျေးရွာမှ လယ်လုပ်နေသည့် ရွာသားနှစ်ဦး ကို ယနေ့ နံနက် ၁ဝနာရီ ခွဲခန့်က တပ်မတော် စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားသဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ရွာဟောင်းတောကျေးရွာမှ စစ်တပ် ခေါ်ယူသွားသူများမှာ ဦးစံအောင်သိန်း (၄၁) နှစ်နှင့် ၎င်း၏ ယောက်ဖတော်စပ်သူ ဦးထွန်းဇော်သိန်း (၄၃)နှစ်တို့ဖြစ်ကြောင်း သိရသည်။

“သူတို့နှစ်ယောက်က လယ်ထဲပျိုးစိုက်နေကြတာပါ။ ရွာအနီး ပေါက်ကွဲသံ တစ်ခုကြားတဲ့ အတွက် စိုးရိမ်ပြီး ရွာထဲပြန်အလာလမ်းမှာတပ်မတော် စစ်ကြောင်းကတားပြီး စစ်ဆေးခဲ့တယ်။ အိမ်ကိုပြန်ပြီး မှတ်ပုံတင် ယူခိုင်းတယ်လို့ပြောပါတယ်။ သူတို့က ရွာထဲက အိမ်ပြန်လာပြီး မှတ်ပုံတင်ကို  ယူပီး သွားပြကြတာပါ။  သွားပြတော့ ပြန်မရောက် လာတော့ပါဘူး။ ပန်းမြောင်းဘက်ကို စစ်တပ်က ခေါ်သွားတယ်လို့ သိရပါတယ်” ဟု မိသားစုဝင် ဖြစ်သူ က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

 ရွာဟောင်းတော ကျေးရွာအနီးတွင် ယနေ့ နံနက် ၁ဝနာရီလောက်တွင် လက်နက်ကြီးပေါက်သံကြားရပြီး ပစ်ခတ်သံများကိုလည်း ကြားခဲ့ရသည်ဟု ဆိုသည်။

ရွာသားတစ်ဦးက “ ပစ်ခတ်တာက တိုက်ပွဲ မဟုတ်ဘူးလို့ သိရပါတယ်။ စစ်ကြောင်းက သေနတ်တွေပစ်ပြီး လမ်းကြောင်းရှင်းပြီး သွားတာလို့ သိရပါတယ်” ဟု နောက်ထပ် ရွာသားတစ်ဦးကလည်း ပြောသည်။ 
 
အနောက်ပိုင်းတိုင်းစစ်ဌာနချူပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ တင်ပြလာတာ မရှိသေးဘူး။ ဒီအတွက် မသိရသေးဘူး။ စစ်တပ်ကဆိုရင် ဖမ်းတယ်ပဲ ပြောကြတယ်။ စစ်ဆေးဖို့ခေါ်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့။ AA ကဖမ်းတာကျတော့ ဘာမှ မပြောကြဘူးလား”ဟု ပြောသည်။

နံနက် ၁ဝ နာရီက ခေါ်သွားပြီး ညနေ ၄ နာရီအချိန်ထိ အဆက်အသွယ်မရသေးသဖြင့် မိသားစုများ အနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ