တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ရွာထဲ လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ၊ အိမ်မွေးတိရစ္ဆာန်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၂၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာတွင် ယမန်နေ့ ညဦးပိုင်းက လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင်း အမျိုးသမီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး အိမ်မွေး တိရစ္ဆာန်အချို့ သေဆုံးရှိကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ ထိပ်ထူးပေါက်ကျေးရွာမှ အသက်(၅ဝ)အရွယ် အာယေရ်ရှားခါတူး(ဘ) အဒူရှူးကူ ဖြစ်ကြောင်းသိရသည်။

ယနေ့ ညဦးပိုင်း ၈နာရီခန့်က နေအိမ်အတွင်း ထိုင်နေစဉ် လက်နက်ကြီးကျည်တစ်လုံး နေအိမ်အတွင်း ကျရောက်ပေါက်ကွဲပြီး  အာယေရ်ရှားခါတူးဆိုသည့် အမျိုးသမီး၏ ညာဘက်ဒူးတွင် ပြင်းထန်စွာဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း ထိပ်ထူးပေါက်ကျေးရွာမှ ရွာလူကြီးတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“လက်နက်ကြီးတစ်လုံးပစ်တာ ဘယ်ကပစ်မှန်းမသိဘူး။ ရွာထဲမှာကျတယ်။ ရွာမြောက်ဘက်ကနေလာတယ်လို့ ပြောပါတယ်။ ဘယ်သူတွေက ပစ်တယ်ဆိုတာကို ကျနော်တို့လည်း မသိဘူး။ လက်နက်ကြီးကျည်ကျလို့ အမျိုးသမီး တစ်ဦး ဒဏ်ရာရသွားပါတယ် ” ဟု ယမန်နေ့ည ၉နာရီကျော်က ဆက်သွယ်မေးမြန်းစဉ် အဆိုပါ ရွာလူကြီးက ထိုသို့ ပြောသည်။

ထိုသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ဝင်းအတွင်း ချည်ထားသည့် နွားတစ်ကောင်နှင့် ခွေးတစ်ကောင်လည်း သေဆုံးသွားခဲ့ကြောင်း၊ လက်နက်ကြီးကျည်မှာ မည်သည့်အဖွဲ့မှ ပစ်သည်ကို မသိရကြောင်း ထိပ်ထူးပေါက်ကျေးရွာသားတစ်ဦးကပြောသည်။

ထိပ်ထူးပေါက်ကျေးရွာသားတစ်ဦးက “အဲ့ဒီလက်နက်ကြီးကျည်က ရွာမြောက်ဘက်ကနေပစ်တာပါ။ စစ်သားတွေကပစ်တာလား အေအေကပစ်တာလားဆိုတာ မသိဘူး။ ဘယ်သူတွေက ပစ်တယ်ဆိုတာ ကျနော်တို့လည်း မပြောနိုင်ဘူး။ ကျနော်တို့ရွာနားက ရခိုင်ရွာနားမှာ အေအေမရှိပါ စစ်တပ်တွေတော့ရှိတယ်” ဟု ပြောသည်။

ထိုဖြစ်စဉ်အား ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေအား ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းကလည်း ထိပ်ထူးပေါက်ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိသွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောသည်။

“ မနေ့က ည ၈နာရီကျောက်လောက်က ထိပ်ထူးပေါက်မှာ လက်နက်ကြီးကျည်ကျလို့ အမျိုးသမီးတစ်ယောက် ညာဘက် ဒူးအောက်မှာ ဒဏ်ရာရသွားတယ်။ နွားတစ်ကောင်နဲ့ ခွေးတစ်ကောင်းလည်း သေသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

ဆက်စပ် သတင်းများ