တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ထီးစွဲမူလွန်ကျောင်းနှင့်နေအိမ်များမှပစ္စည်းများ ယူငင်ဖျက်ဆီးခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.1k

သိန်းဇော်(မောင်တော)

စစ်တွေ၊ နိုဝင်ဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထီးစွဲရွာတွင် တပ်မတော် စစ်ကြောင်း ဝင်ရောက်လာ၍ ရွာသားများ ထွက်ပြေးနေချိန်တွင် ရွာမူလွန်ကျောင်းမှ ကျောင်းသုံးပစ္စည်းများ ဖျက်ဆီးခံထားရသလို ရွာရှိ နေအိမ်အများအပြားကိုလည်း ချိုးဖောက်ဝင်ရောက်ကာ ပစ္စည်းများကိုယူဆောင်ရုံသာမက ကျန်ပစ္စည်းများလည်း ဖျက်ဆီးခံခဲ့ရသည်ဟု ရွာသားများက  ပြောကြားသည်။

ထီးစွဲကျေးရွာအုပ်ချုပ်ရေးမှူးက “ ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၁၆ဝ ကျော်ရှိပါတယ်။ အိမ်အများအပြားကို ဖောက်ထွင်းဝင်ရောက်ပြီး သေတ္တာတွေကိုဖွင့်၊ လိုတဲ့ ပစ္စည်းတွေကိုယူတယ်။ မလိုတဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ အခု ပျောက်ဆုံး၊ ပျက်စီးစာရင်းတွေကို လိုက်ကောက်နေတုန်းဖြစ်တဲ့ အတွက် ဘယ်လောက်ဆုံးရှုံးမှုရှိတယ်ဆိုတာကို မပြောနိုင်ပါဘူး။ တပ်မတော် စစ်ကြောင်းတစ်ခုက အောက်တိုဘာ ၂၇ ရက်နေ့ကနေ မနေ့ကထိ ရွာထဲမှာ နေထိုင်စဉ် အတွင်း ဖြစ်သွားတာပါ” ဟု ပြောသည်။

တပ်မတော်စစ်ကြောင်း ဝင်ရောက်လာသဖြင့် ရွာသားများထွက်ပြေးနေချိန်တွင် ထိုသို့ ချိုးဖောက်ဝင်ရောက် ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

“ ရွာမှာ လူ ဆယ်ကိုးယောက်လောက်ဘဲ ကျန်တယ်။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့။ ကျန်တဲ့ လူတွေက အကုန်လုံး ထွက်ပြေးကြရတယ်။ နိုဝင်ဘာ ၂ ရက်နေ့မှာ စစ်ကြောင်း ရွာကနေ ထွက်သွားတယ်။ အခု ရွာသားတွေ ရွာကို ပြန်လာတော့ အိမ်တိုင်း ဖောက်ထွင်းခံရတယ်။ အကုန်လုံးပျက်စီးနေပါတယ်။ သေတ္တာတွေဖွင့်ဖောက်ခံရပြီး အဝတ်အစားတွေ၊ တစ်ခြား ပစ္စည်းတွေအကုန်လုံး ဖရိုဖရဲနဲ့ ပျံ့ကြဲနေတယ်။ ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ထီးစွဲမူလွန်ကျောင်းမှ ပစ္စည်းများကို ထိန်းသိမ်းထားသော အိမ်လည်း အိမ်တံခါးများ ချိုးဖောက် ဝင်ရောက်ခံရကာ အိမ်ထဲရှိ ကျောင်းပိုင် ဘီရို၊ စာရွက်စာတမ်းများ၊ မိတ္တူစက်များ ဖျက်ဆီးခံခဲ့သည်ဟု ထီးစွဲကျောင်းမှ မူလတန်း ကျောင်းဆရာတစ်ဦးက ပြောသည်။

“ အရင်က တစ်ကြိမ် စစ်ကြောင်းဝင်လာတုန်းကလည်း ကျောင်းမှာတည်းတယ်။ သူတို့ မရှိတုန်းသွားကြည့်တော့  ကျောင်းပစ္စည်းတွေ ဖျက်ဆီးခံရတဲ့ အတွက် ဒီတစ်ကြိမ်မှာ ဒီလို မဖြစ်ရအောင် ရွာထဲက နေအိမ်သို့ပြောင်းပြီး သိမ်းထားခဲ့တယ်။ အဲဒီအိမ်ကိုလည်း သူတို့က တံခါးတွေဖြိုဖျက် ဝင်ရောက် ပြီး ကျောင်းပိုင် ဘီရို၊ စာရွက်စာတတမ်းတွေနဲ့ မိတ္တူစက်ကို ထပ်မံ ဖျက်ဆီး ပစ်ခဲ့ကြပါတယ်”  ၎င်းကျောင်းဆရာက ပြောသည်။

အရေးကြီး စာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးမှု ရှိ/မရှိမစစ်ဆေးနေကြောင်း၊ တပ်မတော်စစ်ကြောင်းအနေဖြင့်  စာသင်ကျောင်းအတွင်း ဝင်ရောက်တည်းခိုပြီး ဌာနဆိုင်ရာ အချင်းချင်း ထိုသို့ မပြုလုပ်သင့်ကြောင်း ၎င်းကျောင်းဆရာမှ ဆက်ပြောဆိုသည်။

ထီးစွဲမူလွန်ကျောင်းမှ နောက်ထပ် ကျောင်းဆရာ တစ်ဦးက “ကျောင်းမှာ တည်းရင်လည်း တည်းပါ။ မတည်းနဲ့လို့မပြောပါ။ ကျောင်းမှာရှိတဲ့ ကျောင်းပိုင်ပစ္စည်းတွေကို အခုလိုလုပ်တာတော့ မကောင်းပါ။ ကျောင်းက ပစ္စည်းတွေကို အိမ်သို့ ပြောင်းပြီး သေတ္တာထဲမှာ ထည့်ထားခဲ့တယ်။ အဲဒါတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တော့ ဒီလိုလုပ်တာက မကောင်းဘူးလို့ မြင်ပါတယ်” ဟုပြောသည်။

အဆိုပါ ထီးစွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးကြည့်ရာ ၎င်းဖြစ်စဉ်မျိုး  ထီးစွဲရွာတွင် ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။

“ထီးစွဲမှာ ကျနော်တို့တပ်တွေမရှိဘူး။ ကျနော်တို့ တပ်တွေရှိတာ မြောက်ဘက်အခြမ်းမှာဘဲရှိတယ်” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်သို့ ဆက်သွယ်ရာ ထီးစွဲရွာမှ နေအိမ်များပေါ်မှ ပစ္စည်းများ ဖျက်ဆီးခံရမှုရှိကြောင်း သတင်းရရှိထားသည်ဟု ပြောဆိုသည်။

“ ကျွန်တော်သတင်းရပါတယ်။ ဓာတ်ပုံတွေလည်း ရပါတယ်။ အဆိုးဆုံး ပျက်စီးဆုံးရှုံးမှုပါဘဲ။ ရသေ့တောင်မြို့နယ်မှာ ယခင်ကလည်း ဒီလို ဖြစ်စဉ်တွေရှိခဲ့တယ်။ ထီးစွဲဖြစ်စဉ်ကတော့ အဆိုးဆုံးပါဘဲ” ဟု ဦးခင်မောင်လတ်က ပြောသည်။ 

ကျောင်းပစ္စည်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး  ရသေ့တောင်မြို့နယ် ပညာရေးမှူး ဦးကျော်မြအား နိရဥ္စရာ သတင်းဌာနမှ ယမန်နေ့ ညနေ ၅နာရီ ၂ဝမိနစ်ခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းဖြစ်စဉ်အား မကြား သိရသေးကြောင်း၊ ၄င်းထံသို့ သတင်းပေးပို့မှုများ မရှိသေးကြောင်း ပြောသည်။

ရသေ့တောင်မြို့နယ်မှ ထီးစွဲကျေးရွာတွင် အိမ်ခြေ ၁၆ဝ ခန့်ရှိပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦးထိ သေဆုံးခဲ့ရသည့် နာမည်ကြီး ကျောက်တန်းကျေးရွာအနီးတွင် တည်ရှိသည်။

-------------------------

Unicode


















ဆက်စပ် သတင်းများ