တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပုဒ်မအမျိုးမျိုးပြောင်းပြီး ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်နှင့်ဝန်ထမ်းများအားရမန်ယူနေခြင်းမှာမဖြစ်သင့်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်နှင့် ဝန်ထမ်းများအား ပုဒ်မတစ်ခုပြီး တစ်ခုပြောင်းကာ ရဲတပ်ဖွဲ့က ရမန်ယူနေခြင်းမှာ မဖြစ်သင့်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ပြောသည်။ 

ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင် ဦးရွှေသန်းနှင့် ရေယာဉ်ဝန်ထမ်း ၆ ဦးတို့အား နိုဝင်ဘာ ၂၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူရာတွင် ရမန်ကြီး ၂ ကြိမ် ရက်ပေါင်း ၃ဝ ပြည့်သွားပြီ ဖြစ်သဖြင့် အကြမ်းဖက်မှုပုဒ်မကို ပယ်ဖျက်ပြီး သွေးဆောင်ဖျားယောင်းမှုပုဒ်မတပ်ကာ ထပ်မံ ရမန်တစ်ပတ်ယူခဲ့သည်ဟု သူက ပြောဆိုသည်။

“ ဒီလိုလုပ်နေတာဟာ ရဲတပ်ဖွဲ့၍ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ပြည်သူတွေလည်း အယုံအကြည် မဲ့သွားနိုင်ပါတယ်။ သူတို့က အစကတည်းက အကြမ်းဖက်မှုနဲ့ ရမန်ယူတယ်ဆိုရင် အဲဒီအမှုနဲ့ပဲ တရားစွဲဆို သင့်ပါတယ်။ အကယ်၍ တရားစွဲဆိုဖို့ အကြောင်း မပေါ်ပေါက်ဘူး။ သက်သေမခိုင်လုံဘူးဆိုရင် ပြန်လွှတ် ပေးသင့်ပါတယ်။ အခု အမှုမပေါ်ပေါက်လို့ တရားမစွဲနိုင်တဲ့ အတွက် နောက်ပုဒ်မ တစ်ခုတပ်ကာ ထပ်ရမန် ယူတာကတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဥပဒေ ကာကွယ်နေသူတွေက ဥပဒေကို ချိုးဖောက်တာမျိုး မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်” ဟု ဦးမောင်ကျော်ဇံက ဆက်လက် ပြောဆိုသည်။

NLD ပါတီ ဘူးသီးတောင် မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကလည်းရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်နှင့် ဝန်ထမ်းများအား အောက်တိုဘာ ၂၉ရက်နေ့က တစ်ကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တစ်ကြိမ်၊ စုစုပေါင်း ရမန်ကြီး ၂ ပတ်၊ ရက်ပေါင်း ၃ဝ ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ယူခဲ့ပြီးပြီ ဖြစ်ကြောင်း၊ ယခုတစ်ခြား အမှုတစ်ခုဖြင့် ထပ်မံစစ်ဆေးရန် ရမန်ငယ်တစ်ပတ် ယူခဲ့ခြင်း ဖြစ်ကြောင်း နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“သူတို့က အမှုကြီးက အမှုငယ်ကိုပြောင်းလို့ နောက်ထပ်စစ်ဆေးဖို့အတွက် ဒီနေ့ ရုံးထုတ် ရမန်ငယ် တစ်ပတ် ထပ်ယူတာပါ။ သုံးသပ်ရတာကတော့ ဒါက ဒီလူတွေမှာ အပြစ်မရှိပေါ့နော်။ အပြစ်မရှိဆိုတာက သူတို့ကို အကြမ်းဖက်နဲ့ နေပြီးတော့ စွဲချက်တင်ထားပြီးတော့ စစ်ဆေးတယ်။ စစ်ဆေးတော့ သူတို့မှာ အပြစ်မရှိဆိုတာကို စစ်ဆေးတွေ့ရှိရတယ်။ အခုတစ်ခါ နောက်တစ်မှုပြောင်းပြီး ရမန်တစ်ပတ်ထပ်ယူပြီး စစ်ဆေးမယ်။ အဲဒီရမန်ပြည့်ရင် နောက်ထပ် ဥပဒေတစ်ခု။ အဲသလို အဲသလိုနဲ့ ရမန်ယူနေမယ်ဆိုရင် ဥပဒေကြောင်းအရ မဖြစ်သင့်ဘူး။ အခု သူတို့ မိသားစုတွေလည်း အများကြီး စိုးရိမ်နေကြတယ်။ အဲဒါတွေကို ပြောချင်ပါတယ်။ ဥပဒေဘောင်အတွင်းက လူတစ်ယောက်ချင်းစီရဲ့ နိုင်ငံသားအခွင့်အရေးကို တည်ဆဲဥပဒေနဲ့အညီ ရစေချင်တယ်။ ပီးရင် အပြစ်မရှိရင် မြန်မြန် လွတ်စေချင်တယ်” ဟု ဦးရဲသိန်းက ပြောသည်။

အကြမ်းဖက်မှုသံသယဖြင့် ရမန်ယူစစ်ဆေးနေသည်မှာ နိုဝင်ဘာ၂၆ ရက်နေ့က တစ်လပြည့်ခဲ့ကြောင်း၊ ၎င်းနေ့တွင် ယခင် အမှုဖွင့်ထားသည့် အကြမ်းဖက်မှုအားဖြုတ်ပြီး သွေးဆောင်ဖျားယောင်းမှု ရာဇသတ်ကြီးပုဒ်မ ၃၆၅ ဖြင့်  ထပ်မံ စစ်ဆေးရန်  ရမန် ထပ်ယူခြင်းဖြစ်ကြောင်း ဦးရဲသိန်းက ပြောသည်။

ထိုသို့ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ အားဖြုတ်ပြီး ယနေ့ နောက်ထပ်အခြားပုဒ်မတစ်ခုပြောင်ပြီး ထပ်မံရမန်ယူခြင်းမှာ ဥပဒေကို လုပ်ချင်သလိုလုပ်ပြီး လူ့အခွင့်ရေးကိုချိုးဖောက်နေခြင်းသာဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမောင်ကျော်ဇံက ပြောသည်။

----------------------------

Unicode:











ဆက်စပ် သတင်းများ