တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်တွေတွင် ပြုလုပ်သည့် မဇ္စျိမတံခါးပန်းချီပြပွဲတွင် ပန်းချီကား ၁၆၀ ခန့် ပြသရာ၌ ပန်းချီကားချပ် ၈၀ ကျော်အထိရောင်းချခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k

ချစ်အိလှိုင်
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၇/ ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမတွင် ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် မဇ္စျိမတံခါး ပန်းချီပြပွဲတွင် ပန်းချီဆရာ ၄၄ ဦး၏ ပန်းချီကားချပ် ၁၆၀ ခန့်ကို ပြသခဲ့ရာ ယင်းအထဲမှ ပန်းချီကားချပ် ၈၀ ကိုရောင်းချခဲ့ရသည်ဟု သတင်းရရှိသည်။
ပန်းချီပြပွဲဖြစ်မြောက်ရေးကော်မတီဝင် ပန်းချီဆရာ ဦးဦးစိုးဌေးက“ သိပ်ဝမ်းသာပါတယ်။ ဗမာပြည်မှာတောင် ဒီလောက်အနေအထား မရှိဘူး။ရောင်းရတာ အချပ် ၈ဝ ကျော်သွားပြီ။ စာရင်းအတိအကျ မလုပ်ရသေးလို့ပါ။ လုံးဝပြောစရာမရှိအောင် အားပေးကြတာပါ။ တကယ့် ပွဲတော်ကြီးဖြစ်သွားခဲ့ပါတယ်။ နေ့တိုင်းလူမစဲနိုင်ဘူး။ သုံးရက်အတွင်းမှာ နေ့စဉ်လူရာနဲ့ ချီလာကြည့်ကြတယ်” ဟုပြောသည်။
ရောင်းချခဲ့ရသည့် ပန်းချီကားများထဲတွင် ပန်းချီကားတစ်ချပ်ကို အမေရိကန်ဒေါ်လာ ၂ ထောင်ဖြင့် ရောင်းချခဲ့ရသည့် ပန်းချီကားများရှိသလို မြန်မာငွေ ၁ သိန်းမှ ၁ဝ သိန်းကျော်ဖြင့် ရောင်းချခဲ့ရသည့် ပန်းချီကားများလည်း ရှိကြောင်း သိရသည်။
ပန်းချီပြပွဲအတွင်း ပန်းချီကားချပ်တစ်ခုအား စျေးအမြင့်ဆုံးဖြင့် ရောင်းထွက်ခဲ့သည့် စစ်တွေမြို့က ပန်းချီဆရာ ဦးမောင်မောင်စောက “ ကျွန်တော့ပန်းချီကားကတော့ စျေးအမြင့်ဆုံးနဲ့ ရောင်းရခဲ့ရပါတယ်။ အခုလို ပန်းချီကား ၁၆၀ လောက်ပြသပြီး ဒီလောက်အများကြီးရောင်းရတဲ့ ပန်းချီပြပွဲက ကျွန်တော်တို့ဆီမှာ မရှိဘူး။ ရှားသွားပြီ။ အခုပြပွဲမှာ ခုလို ပန်းချီကားတွေကို ထိုက်ထိုက်တန်တန်ရောင်းချခဲ့ရသလို ပြည်သူတွေကလည်း နေ့တိုင်း ရာနဲ့ချီပြီး လာရောက် အားပေးကြတဲ့ အတွက် အနုပညာသမားတစ်ယေက်အနဲ့ အထူးဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ပီတိဖြစ်မိတယ်။ ကိုယ့်ဒေသခံ ပြည်သူတွေဟာ ပန်းချီအပေါ်မှာ ခံစားနားလည်လာတယ်လို့ ခံယူမိလို့ သိပ်ဝမ်းသာမိပါတယ်” ဟုပြောသည်။
ပန်းချီဆရာ ၄၄ ဦး၏ ပန်းချီများမှာ ရေဆေး၊ ဆီဆေးနှင့် Acrylic အမျိုးအစား ပန်းချီကားများဖြစ်ပြီး ရခိုင်နှင့် သက်ဆိုင်သည့် ယဉ်ကျေးမှု၊ အနုပညာ ကျောက်ဆစ် လက်ရာများနှင့် ရခိုင့်ရှုခင်းပုံများ အများဆုံးပါဝင်သည်ဟု သိရသည်။
ပန်းချီဆရာ စောတင်မောင်ကလည်း “ ဘဝမှာ အပျော်ရွှင်ရဆုံး နေ့တစ်တနေ့ကို ပြောပါဆိုရင် သည်နေ့ဟာ ထိပ်ဆုံးက ဖေါ်ပြရမယ့်နေ့ပါပဲ။ ပန်းချီကား ပေါင်း ၁၆၀ ခန့်ပြသတဲ့ပွဲမှာ ကားပေါင်း ၈၀ ကျော်ရောင်း ရတယ်ဆိုတာ တကယ်တော့ စိတ်ကူးယဥ် အိပ်မက် တစ်ခုလိုပါပဲ။ ဝယ်ယူ ကြည့်ရှု အားပေးကြသော ရခိုင်သူ ရခိုင်သား ချစ်ပရိတ်သတ်များနှင့် မဇ္စျိမတံခါး ပန်းချီပြပွဲ ဖြစ်မြောက်ရန် အဓိက ပါဝင်ကူညီ ပံ့ပိုးပေးသော ကိုအေးထွန်း( ရွှေမြေကုမ္ပဏီ )အပါအဝင် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီကြသူများ အားလုံးကို အထူးပင် ကျေးဇူးမှတ်တမ်းတင်ရှိပါသည်” ဟု ပန်းချီပြပွဲနှင့် ပတ်သက်ပြီး သူ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြထားသည်။
ရန်ကုန်တွင် နေထိုင်သူ ပန်းချီဆရာ ပန်းချီကိုသန်းကျော်ဌေးကလည်း ယခုလို စစ်တွေမြို့တွင် ပြုလုပ်သော မဇ္စျိမတံခါး ပန်းချီပြပွဲတွင် လာရောက် အားပေးသူ များပြားသဖြင့် အထူး နှစ်ထောင်းအားရ ဝမ်းသာမိကြောင်း ပြောဆိုသည်။
“ အရမ်းဝမ်းသာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ် ၂၀ ဒီလို စစ်တွေမှာ ပန်းချီပြပွဲမျိုး မမြင်ခဲ့ဘူး။ အရင် စစ်တွေမှာ လုပ်တဲ့ ပွဲတွေမှာ အစိုးရက လုပ်တဲ့ Propaganda ပန်းချီကားမျိုးဘဲမြင်ဖူးတယ်။ ဒါကလည်း ပန်းချီကားတွေ မဟုတ်ပါဘူး။ ပိုစတာတွေလောက် အဆင့်ပါဘဲ။ အဲဒါတွေကို မြင်ပြီး ပန်းချီဆရာ ဖြစ်ချင်လာတယ်။ အခု ပန်းချီကား အစစ်တွေ၊ နောက်တစ်ချက်က အားလုံးက ရခိုင်ပန်းချီဆရာ၊ နောက်တစ်ခုက ဒီမှာ ပထမဆုံးလုပ်တဲ့ပွဲ၊ ကျွန်တော် အပျော်ဆုံးကတော့ လူတွေ အရမ်းလာတယ်။ လူတွေ မဆံ့အောင်ထိ လာတယ်။ ပထမဆုံးပွဲမှာ ဒီလောက် အားပေးမှုရတဲ့ အပေါ် အရမ်းဝမ်းသာပါတယ်” ဟု ပြောသည်။
တောင်ကုတ်ဇာတိ လက်ရှိ ရန်ကုန်တွင် နေထိုင်ပြီး နိုင်ငံတကာ ပန်းချီပြပွဲများတွင် ပါဝင် ပြသူနေသူ ပန်းချီဆရာဦးမြင့်နိုင်ကလည်း စစ်တွေတွင် ပြုလုပ်ခဲ့သည့် ပန်းချီပြပွဲတွင် လာရောက်ကြည့်ရှုသူ များပြား၍ အလွန် ဝမ်းသာသလို စစ်တွေတွင် ပန်းချီသင်တန်းကျောင်း တစ်ခု ဖြစ်မြောက်စေလိုသည်ဟု ပြောကြားသည်။
“ ကျွန်တော်တို့က ဒီဒေသမှာ ပန်းချီကားကြည့်တဲ့ ယဉ်ကျေးမှု ဖြစ်စေချင်တာပေါ့ဗျာ။ လုပ်စတုန်း ကတော့ ဖြစ်မှ ဖြစ်ပါ့မလားဆိုပြီး တွေးမိတယ်။ လုပ်တော့ တကယ်ဖြစ်သွားတယ်။ ပွဲကတော်တော် စည်တယ်။ တော်တော်လည်း သဘောကျမိတယ်။ ဒီမှာ ပန်းချီ သင်တန်းကျောင်းတစ်ခု ဖြစ်မြောက်ရေးကို ဆွေးနွေးနေတာတွေလည်း ရှိတယ်။ အခုလို ဟိုမြို့မှာ ပြလိုက် ဒီမြို့မှာပြလိုက် လုပ်လာရင်တော့ ပန်းချီ အနုပညာနဲ့ ယဉ်ပါး လာမှာပေါ့။ ဒီလို ပန်းချီတွေကို တွေ့မြင်ခွင့်ရတဲ့ အခါ ကလေးတွေလည်း တိုးတက်လာမယ်။ ဝါသနာပါတဲ့ ကလေးတွေဆိုရင်လည်း မြင်ဖူးသွားမယ်။ စျေးနှုန်းတွေကို မြင်တော့ သူတို့ အံ့ဩသွားမယ်။ပိုပြီးတော့ စိတ်ပါလာတာပေါ့” ဟု ပြောဆိုသည်။
ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် ပြုလုပ်ခဲ့သည့် ပန်းချီပြပွဲသို့ ရဟန်းတော်များ၊ ကျောင်းသားကျောင်းသူများ၊ အမျိုးသမီးနှင့် ကလေးငယ်များ၊ အစိုးရဝန်ထမ်းများ၊ လူမှုရေး နိုင်ငံရေး အသိုင်းအဝိုင်းက လှုပ်ရှားတက်ကြွသူများ၊ ပန်းချီကို စိတ်ပါဝင်စားသူများ နေ့တိုင်း ရာနှင့်ချီပြီး လာရောက်ကြည့်ရှုခဲ့ကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ