တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

နွေရာသီကျောင်းပိတ်ချိန် ကလေးငယ်များအတွက် တောင်ကုတ်တွင် ပန်းချီ/ကာတွန်းသင်တန်းဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

နိရဥ္စရာ၊ မတ် ၈ / ၂၀၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ကျောင်းသူ၊ ကျောင်းသားကလေးငယ်များအတွက်ရည်ရွယ်ကာ Art Zone အမည်ပေးထားသော ပန်းချီ/ကာတွန်းသင်တန်းတစ်ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။

၄င်းသင်တန်းကို မတ်လ ၁ ရက်မှစတင်ကာ သင်တန်းဆရာ ရက္ခနှင့် ဆရာခဲခတ်ချေတို့က ဦးစီး သင်ကြားပေးနေခြင်းဖြစ်ပြီး သင်တန်းကာလမှာ ၃ လဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များ ပန်းချီပညာကို စိတ်ဝင်စားလာစေရနှင့် အချိန်များ အလဟသ မကုန်ဆုံးသွားစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု သင်တန်းဆရာ ရက္ခက ပြောသည်။

အခုခေတ်မှာ လူငယ်တွေက ဖုန်းနဲ့ အချိန်ကုန်နေကြတယ်။ ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲလာကြတာတွေလည်း ရှိတယ်။ ကျနော်တို့ပတ်ဝန်းကျင်ကလူငယ်တွေကို အနုပညာတခုခုနဲ့ ထိန်းသိမ်းလိုက်တယ်ဆိုလို့ရှိရင် စိတ်တွေနုညံ့ပြီးတော့ ပိုပြီးတော့ အဆင်ပြေမယ်လို့ ကျနော်ထင်တယ်။ အဲဒါကြောင့် ကျနော်က ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်တယ်ဟု ပြောသည်။

လက်ရှိတွင် သင်တန်းနေရာ အခက်အခဲရှိ၍ သင်တန်းသား ၅ ဦးလျှင် ၃၅၀၀၀ ကျပ်ဖြင့် ၁၅ ဦးကို ၃ ဝိုင်းခွဲကာ နေအိမ်များအထိ သွားရောက်ပြသနေသည်ဟု ဆက်ပြောသည်။

ထို့အပြင် တောင်ကုတ်မြို့တွင် ဖွင့်လှစ်ထားသော High Point အင်္ဂလိပ်စာသင်တန်းကျောင်းတွင်လည်း သွားရောက်ပြသနေသည်ဟု ဆိုသည်။

ယခုကဲ့သို့ သင်တန်းဖွင့်လှစ်သည့်အတွက် ပန်းချီဝါသနာ ပါသူများအတွက် တိုးတက်မှုရှိလာပြီး ပန်းချီရေးဆွဲရာတွင်လည်း စနစ်တကျနှင့် ပိုမိုသေချာမှုရှိလာသည်ဟု သင်တန်းသူ မစုမြတ်မြတ်ထွန်းက ပြောသည်။

ကျမက ပန်းချီကို ဝါသနာပါတယ်။ ဒါကြောင့် ဒီသင်တန်းကို တက်ရတာဖြစ်တယ်။ အရင်က ပန်းချီကို သိပ်မဆွဲတတ်ဘူး။ အခု ပန်းချီဆွဲတတ်လာတယ်။ ပန်းချီသင်တန်း ဖွင့်ပေးတဲ့ဆရာတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ဟု ပြောသည်။

ရခိုင်ပြည်နယ်အနှံ့အပြားတွင်လည် ယခုကဲ့သို့ အနုပညာသင်တန်းများဖြစ်သော ပန်းချီ၊ ဂီတ၊ စာပေ စသောအနုပညာများကို ပြသပေးနိုင်လျှင် ပတ်ဝန်းကျင်အတွက်လည်း ပိုမိုအထောက်အကူ ဖြစ်လာမည်ဟု သင်တန်းဆရာ ရက္ခက ပြောသည်။ (NN-21)

 

Photo - Rakkha Aritst

ဆက်စပ် သတင်းများ