တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

AA တပ်ဖွဲ့ဝင်များနှင့်ဆက်စပ်သူ ၄၆ ဦးကိုလွှတ်ပေးသည့်အပေါ် ကြိုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂ဝ၂၂
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သူ ၄၆ ဦးကို လွှတ်ပေးသည့်အပေါ် ကြိုဆိုကြောင်း မိသားစုများနှင့် လူမှုရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျရောက်သည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ဟုဆိုကာ AA အဖွဲ့ဝင်များနှင့်ဆက်စပ်သူတို့ကိုလွှတ်ပေးခဲ့သဖြင့် ကြိုဆိုမိကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးသူ စာရေးဆရာဦးဝေဟင်အောင်က နိရဥ္စရာအား ပြောသည်။
“ဒီဟာက ကောင်းတဲ့ကိစ္စပါ။ ဒီလူတွေဟာ ဖမ်းထားတဲ့အချိန်ကလည်း ကြာနေပြီ။ လွှတ်သင့်တဲ့အချိန်ကလည်း ကြာနေပြီ။ လွှတ်လည်း လွှတ်ပေးသင့်ပါတယ်။ နောက်ကျန်နေသေးတဲ့လူတွေကိုလည်း မြန်မြန်ဆန်ဆန်စိစစ်ပြီး လွှတ်ပေးသင့်တယ်လို့ ပြောချင်တယ်” ဟုပြောသည်။
လက်ရှိတွင် ယနေ့ နံနက်ပိုင်းအချိန်အထိ AA နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူများထဲမှ မည်သူတို့ လွတ်မြောက်မည်ကို အတိအကျသိရှိထားခြင်းမရှိသေးကြောင်း သူက ဆက်ပြောသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက “ကျွန်မတို့ကတော့ ဝမ်းသာကြိုဆိုတယ်။ မြန်မာနိုင်ငံကြီးကို အမြန်ဆုံး ငြိမ်းချမ်းစေချင်တယ်။ တိုင်းရင်းသားတွေလိုချင်တဲ့ဆန္ဒလည်း ပြည့်ပြီးတော့ ရှေ့ဆက်ဖို့ အနာဂတ်လမ်းခရီးကို ဖြောင့်ဖြူးစေချင်တယ်” ဟုပြောသည်။
မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ AA နှင့်ဆက်စပ်၍ အကြမ်းဖက်မှုပုဒ်များဖြင့် ဖမ်းဆီးခံခဲ့ရသူ ကိုဦးလှမောင်၏မိခင် ဒေါ်စံသာနုကလည်း သားဖြစ်သူလွတ်လာမည်ဟု ကြားရသဖြင့် စစ်တွေအကျဉ်းထောင်သို့ လိုက်လာနေကြပြီဖြစ်ကြောင်း ပြောသည်။
“ ထောင်ကအကြောင်းကြားလို့တော့ မဟုတ်ဘူး။ သတင်းတွေကြားနေရလို့။ ရှေ့နေကလည်း လွတ်နိုင်တယ်လို့ပြောတယ်။ ဒါကြောင့် အန်တီတို့ မြောက်ဦးကနေ စစ်တွေကို လိုက်လာနေကြပါတယ်။ ဘယ်လိုပြောမလဲ။ ကောင်ကင်ပေါ်မြောက်တက်သွားသလိုခံစားရတယ်။ ပျော်လိုက်တာဆိုတာလေ။ လွှတ်ပေးတဲ့လူတွေကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ရခိုင်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရသူ ၁ဝဝ ကျော်ရှိခဲ့ပြီး လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် AA နှင့် ဆက်စပ်သူ ၆၁ ဦးကိုလွှတ်ပေးခဲ့သည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရသူ သံတွဲထောင်တွင် ၇ ဦး၊ စစ်တွေထောင်တွင် ၄၃ ဦး၊ ဘူးသီးတောင်ထောင်တွင် ၅ ဦး၊ ကျောက်ဖြူထောင်တွင် ၂၅ ဦး၊ မြောက်ဦးအချုပ်ခန်းတွင် ၂ဝ ဦး ၊ ချင်းပြည်နယ် ပလက်ဝမြို့တွင် ၁ ဦးနှင့် ရန်ကုန်အင်းစိန်ထောင်တွင် ၈ ဦး ၊ စုစုပေါင်း ၁ဝ၉ ကျန်ရှိနေသေးပြီး ယင်းအထဲမှ ယနေ့ ၄၆ ဦးလွတ်မြောက်မည်ဟုသိရှိရကြောင်း ဦးဝေဟင်အောင်၏ ပြောပြချက်အရ သိရသည်။
ဓာတ်ပုံ - ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်က စစ်တွေအကျဉ်းထောင်မှ လွတ်လာသူအချို့ကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ