တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ကျောက်တော်တွင် စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k


နိရဉ္စရာ၊ ဇူလိုင် ၂၀/၂၀၂၂
ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် တစ်ဦးဖြစ်သူ ဦးကျော်ဟိန်းကို ဇူလိုင် ၁၉ ရက်နေ့ညက စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့၊ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်နေသည့် မီးဝကျေးရွာသား ဦးကျော်ဟိန်းသည် အရပ်ဆေးဆရာတစ်ဦးဖြစ်ပြီး ယမန့်နေ့ည ၉ နာရီကျော်ခန့်တွင် ရထားဘူတာ စစ်ဘေးရှောင်စခန်းသို့ ဆေးကုသရန် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရသည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"ရထားဘူတာ စစ်ဘေးရှောင်စခန်းကို ဆေးကုဖို့သွားတာမှာ အဖမ်းခံရတာ။ ဘာကြောင့် ဖမ်းလည်းဆိုတာမသိရဘူး။ သူ့ကို ကျနော်ဖုန်းဆက်ကြည့်တော့ စစ်သားတစ်ယောက် ဗမာစကားနဲ့ ဖုန်းကိုင်ပြီး ပြန်ဖြေတယ်။ သူ့ကို ဖမ်းထား တယ်လို့ ပြောတယ်။ အဲ့ဒီတော့မှ အဖမ်းခံရမှန်းသိတာ"ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို စစ်တပ်က ဖမ်းဆီးမှုများမှာ ယခု လပိုင်းအတွင်း ဆက်တိုက် ရှိနေသလို ဇူလိုင်လ ၁၈ ရက်နေ့က မောင်တော မြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် အေအေတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း ဖမ်းဆီးမှုများဆက်လက်ရှိနေရာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူ ဒေသခံအရပ်သား ၈ ဦး အထိ ရှိကြောင်း သိရသည်။
ယနေ့ (ဇူလိုင် ၂၀ ရက်) နံနက်အစောပိုင်းကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား၂ ဦးအပြင် ပန်းတောပြင်နယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွင်လည်း ခရီးသွားဒေသခံ ၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ဇူလိုင် ၁၉ ရက် နံနက်ကလည်း ကလည်း ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ လူလတ်ပိုင်း ၂ ဦးကို စစ်တပ်က နေအိမ်အထိ ဝင်ရောက်ပြီး ဖမ်းဆီး သွားခဲ့သည်။
လက်ရှိမှာ မြန်မာစစ်တပ်က စစ်ရေးအင်အားတိုးချဲ့မှုများကို ဆက်တိုက် လုပ်ဆောင်နေသလို အေအေနှင့်ဆက်စပ်သံသယရှိသူများကို ဖမ်းဆီးခြင်း အပြင် ကုန်းလမ်း၊ ရေလမ်းများတွင် စစ်ဆေးရေးဂိတ်များဖွင့်ကာ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများလည်း ရှိနေသည်ဟု သိရသည်။ (NN-7)
( ဓာတ်ပုံ- ယခင်ပုံဟောင်း/ကျောက်တော်ဆိပ်ကမ်း)

ဆက်စပ် သတင်းများ