စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝ အစိုးရဇက်ရေယာဉ် ပြန်လည်ပြေးဆွဲနေသော်လည်း ဆန်နှင့် ကုန်စည်အချို့သယ်ယူခွင့်မရသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

နိရဉ္စရာ၊ သြဂုတ် ၁၉/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝသို့ ကုလားတန်မြစ်ကြောင်းမှ သွားလာသည့်ရေလမ်းကြောင်းကို စစ်ကောင်စီကပိတ်ပင်ထားပြီးနောက်ပိုင်းတွင် ယမန်နေ့က ကျောက်တော်-ပလက်ဝသို့ ပြေးဆွဲနေသည့် အစိုးရဇက်ရေယာဉ်သည် ပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း ဆန်နှင့် ကုန်စည်အချို့ သယ်ယူခွင့်မရသေးဟု သိရသည်။
အဆိုပါအစိုးရဇက်ရေယာဉ်သည် ကျောက်တော်မှတဆင့် ပလက်ဝမြို့သို့ ယမန်နေ့ သြဂုတ်လ ၁၈ ရက်၊ ည ၄ နာရီခန့်က ဆိုက်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဆန်မှလွဲ၍ အခြားကုန်ပစ္စည်းအချို့ တင်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။
"လမ်းပြန်လို့ဖွင့်တဲ့သဘောမျိုးတော့ မဟုတ်ဘူး။ ဒီတိုင်းအခြေအနေကြည့်လို့လာတာလို့ပဲ ထင်တယ်။ ဒါပေမယ့် ဆန်တွေတော့ မပါလာဘူး။ စက်သုံးဆီတွေတော့ ပါလာတယ်။ လူကလည်း အနည်းအကျဉ်းလောက်တော့ပါကြတယ်။ စားကုန်၊ သောက်ကုန်လောက်ပဲနည်းနည်းပါတာ။ ဆန်တော့မပါဘူး" ဟုပြောသည်။
အဆိုပါအစိုးရဇက်ရေယာဉ်သည် ယခုအပတ်တွင် တိုက်ပွဲအခြေအနေကြည့်၍ ပြေးဆွဲလာခဲ့သော်လည်း နောက်အပတ်တွင် ပြေးဆွဲရန်မသေချာဟုထင်မိပြီး ပြည်သူပိုင်စက်လှေများသည်လည်းသွားလာခွင့်မရသေးကြောင်း ပလက်ဝဒေသခံများက ပြောသည်။
နောက်ထပ်ပလက်ဒေသခံတစ်ဦးက "မီးစက်နှို်းဖို့ စက်သုံးဆီတော့ ပါလာတယ်။ နောက်ပြီး စားကုန်တစ်ချို့တော့ ပါလာတယ်။ ပလက်ဝမှာ ဆန်ကဝယ်မရဘူးပြတ်နေပေမယ့် ဆန်ကမပါလာဘူး။ ဆန်သယ်လို့မရဘူးလို့ကြားတယ်" ဟုပြောသည်။
ပလက်ဝတွင် စက်သုံးဆီပြတ်လပ်သွားသည့်အတွက် တစ်နေ့လျှင် လျှပ်စစ်မီး ၃ နာရီခန့်သာ ရရှိတော့သည်ဟု သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှ သွားလာသည့် ရေလမ်းကြောင်းခရီးကို ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်မှစကာ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းက ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ပိတ်ပင်ပြီးနောက်ပိုင်းတွင် ပလက်ဝမြို့နယ်အတွင်း ဆန်များဝယ်ယူလို့မရအောင်အထိ ပြတ်တောက်နေပြီး အခြေခံစားသောက်ကုန်များမှာလည်း စျေးနှုန်းနှစ်ဆမြင့်တက်လျက်ရှိနေသည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲဖြစ်နေရကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ်လ ၂ ရက်မှစ၍ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ နေ့တိုင်းနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ကာ ယခုရက်ပိုင်းအတွင်းတွင် တိုက်ပွဲများငြိမ်သက်နေကြောင်း ဒေသခံများက ပြောသည်။ (NN-8)

ဆက်စပ် သတင်းများ