စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

နှစ်သစ်ကူးအတာသင်္ကြန်ကာလ ရခိုင်တွင် ကုန်းလမ်း၊ ရေလမ်းခရီးစဉ်အချို့ ယနေ့စတင်ရပ်နား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.7k

နိရဉ္စရာ၊ ၁၁/၂၀၂၃

ရခိုင်တွင် လာမည့် ဧပြီလ ၁၃ ရက်၌ကျရောက်မည့် နှစ်သစ်ကူးအတာသင်္ကြန်အတွက် ရခိုင်ပြည်အတွင်း ပြေးဆွဲနေသည့် ကုန်းလမ်း၊ ရေလမ်းကြောင်းခရီးစဉ်အချို့ကို ယနေ့မှစပြီး ယာယီရပ်နားနေပြီဖြစ်ကြောင်း သိရသည်။

ပြည်မဘက်မှရခိုင်သို့ပြေးဆွဲနေသည့် အဝေးပြေးကားဂိတ်အချို့ကိုလည်း ယနေ့ ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်များမှစတင်ကာ ယာယီရပ်နားသွားမည်ဖြစ်ပြီး အတာသင်္ကြန်ပြီးသည့် ဧပြီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း စစ်တွေရှိ အဝေးပြေးကားဂိတ်အချို့နှင့် ရေကြောင်းလိုင်းတာဝန်ရှိသူများက နိရ ဉ္စရာသို့ ပြောသည်။


စစ်တွေကစ္ဆပကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက "သင်္ကြန်နဲ့ ၁၁ ရက်နေ့နောက်ဆုံးပါ။ ပြန်ဖွင့်မှာက နှစ်ဆန်းတစ်ရက်နေ့ ၁၇ ရက်နေ့ပြန်ဖွင့်မှာပါ" ဟုပြောသည်။

အလားတူ စစ်တွေရွှေပြည်သစ်ကားဂိတ်မှ တာဝန်ရှိသူအမျိုးသားတစ်ဦးကလည်း "၁၂ ရက်နေ့နောက်ဆုံးထွက်မှာပါ။ ၁၈ ရက်နေ့ပြန်စထွက်ပါမယ်။ အခုကတော့ ပုံမှန်အတိုင်းပြေးဆွဲနေတယ်" ဟုပြောသည်။

စစ်တွေ-ကျောက်တော်-မြောက်ဦးသို့ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနက် အချို့သည်လည်း ဧပြီလ ၁၃ ရက်တွင် ရပ်နားနိုင်ခြေရှိကာ အချို့ယာဥ်လိုင်းများမှာ အခြေအနေအားလျော်စွာ နားရက်မရှိဘဲ ပြေးဆွဲနိုင်ခြေလည်း ရှိနိုင်ကြောင်း ကားသမားတစ်ဦးက ပြောသည်။

"၁၃ ရက်မှာ ပိတ်မယ့်ကားလိုင်းတွေလည်းရှိတယ်။ တစ်ရက်မှမပိတ်ဘဲ ခရီးသည်ရရင်ရသလို ပြေးဆွဲကြတာတွေလည်း ရှိပါတယ်" ဟုပြောသည်။

ရခိုင်မှမြို့နယ်အများအပြားသို့ ပြေးဆွဲနေသော ရေယာဉ်လိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန်အမြန်ရေယာဉ်ကိုလည်း လာမည့်ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

"သင်္ကြန်နဲ့ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ငါးရက်ပိတ်သွားပါမယ်။ အခုချိန်မှာတော့ သင်္ကြန်မကျခင်တစ်ပတ်လောက်အလိုမှာ အသွားများကြပါတယ်။ ထပ်တိုးပြီးတော့ တစ်ကြောင်း၊ နှစ်ကြောင်းဆွဲရတာလည်းရှိပါတယ်" ဟုပြောသည်။

 

စစ်တွေအခြေပြုပြေးဆွဲနေကြသည့် အခြား ပြည်တွင်းရေကြောင်း င်္ဘောခရီးစဥ်များကိုလည်း ကြင်္န်ကာလတွင် ရပ်နားသွားမည်ဟု သိရသည်။

 

ရန်ကုန်မှ ရခိုင်သို့ပြေးဆွဲမည့် လေကြောင်းလိုင်းများကိုမူ သင်္ကြန်ရက်များအတွင်းတွင် နားရက်မရှိပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်သင်္ကြန်မတိုင်မီ ရခိုင်သို့လာရောက်လည်ပတ်သူ များပြားလျက်ရှိနေပြီး ကားလမ်း၊ လေကြောင်းလိုင်းများဖြင့်လည်း လာရောက်သူများရှိနေကာ သင်္ကြန်မတိုင်မီရက်များတွင် ရန်ကုန်-စစ်တွေလေယာဉ်လက်မှတ်မှာ တစ်လကြိုတင်ဝယ်ယူထားမှုများပင်ရှိခဲ့ကြောင်းလည်း သိရသည်။

ရခိုင်တွင် နှစ်သစ်ကူးအတာသင်္ကြန်ကို စည်စည်ကားကားကျင်းပရန် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)က အပြိုင်အဆိုင်စီစဉ်လျက်ရှိနေ၍ ပြည်မနှင့်ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် ရခိုင်ပြည်သူများအပါအဝင် အခြားပြည်မမှဧည့်သည်များလည်း ရခိုင်သို့လာရောက်လည်ပတ်မှုများနေကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ