စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရန်ကုန်-မော်လမြိုင်ရထားတွဲဆိုင်း ၄ တွဲ လမ်းချော်ခဲ့မှု ဖြစ်ပွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.9k

(ခရီးသည်များကားများဖြင့် လိုရာခရီးဆက်ခဲ့ကြရ)

 နိရဉ္စရာ၊ ဧပြီ ၉ / ၂၀၂၃

ရန်ကုန် - မော်လမြိုင် အမှတ် ၈၉ အဆန်ရထားမှ တွဲဆိုင်း ၄ တွဲသည် ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင် ဘူတာကြီးတာဝန်ရှိသူများထံမှ သိရှိရသည်။

တွဲဆိုင်းတွေလမ်းချော်သွားခဲ့တာပါ။ ထိခိုက်ဒဏ်ရာမရှိခဲ့ပါဘူး။ သူများတွေပြောဆိုနေကြသလို ရထားမှောက် တာလဲ မဟုတ်ပါဘူးဗျာဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရ ဉ္စရာ သတင်းဌာနကို အတည်ပြုပြောဆိုသည်။

အဆိုပါ ရထားတွဲဆိုင်းများ လမ်းချော်မှုသည် ကျိုက္ကသာဘူတာနှင့် ကျိုက်ထို ဘူတာလမ်းပိုင်းကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသည့် ခရီးသည်တစ်ချို့သည် နီးစပ်ရာ ကားဂိတ်များမှ တဆင့် ခရီးဆက်ခဲ့ကြ ကြောင်း သိရှိရသည်။

မနေ့ကဖြစ်တာပါ။ မလော့ချောင် စေတီတစ်တောင်ကုန်းဘေး တောင်ကုန်း ကြားမှာပါ။ စိုးရိမ်စိတ်က အနည်းနဲ့ အများဖြစ်ကုန်တာပေ့ါ။ တချို့ခရီးသည်တွေဆို လမ်းပေါ်တက်ပြီး ကားနဲ့ ခရီးဆက်တာတွေ တွေ့ခဲ့တယ်ဟု ဒေသခံ ဘလောက်တုံး (ကားပြန်မလိမ့်အောင် ခံသည့် တုံး) များ ရောင်းချသူ တစ်ဦးက မြင်တွေ့ရမှုကို ပြောသည်။

လက်ရှိ ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီတွင် မော်လမြိုင် ဘူတာမှ ရန်ကုန်သို့ အမှတ် ၈၂ အစုန် လေအိတ် အမြန် ရထား ထွက်ခွာခဲ့ပြီး အမှတ် ၉၀ အစုန် ရထားသည် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ဧပြီ ၁၃ ရက်နေ့မှ ဧပြီ ၁၆ ရက်နေ့အထိ အမြန်ရထားတချို့ ပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရှိရသည်။

(NN – 25)

ဓာတ်ပုံ - လမ်းချော်မှု ဖြစ်ပွားခဲ့သည့်ရထားတွဲဆိုင်များ

ဆက်စပ် သတင်းများ