တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဧည့်စာရင်းလာစစ်သည့်စကစတပ်သားများက ကျောက်ဖြူက အရပ်သား ၅ဦး၊ စစ်တွေက အရပ်သား ၃ ဦးကိုဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

နိရဉ္စရာ၊ ဩဂုတ် ၆/၂၀၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့တွင် ဧည့်စာရင်းလာစစ်သည့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သား ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။  

ကျောက်ဖြူမှ မ်းဆီးခံရသူများမှာ ဦးဇော်ဇော်အောင်၊ ဦးမျိုးသန့်ကျော်(ခ)ဆိတ်ဖြူဒေါင်း၊ ဦးညီညီ၊ ဦးဘိုဘိုနှင့် ဦးဇေယျာထွန်းတို့ဖြစ်ကြပြီး ယမန်နေ့ ဩဂုတ် ၅ ရက် ည ၁၁ နာရီ အချိန်တွင် ဖမ်းဆီးခံခဲ့ရသည်ဟု  သိရသည်။

စစ်တွေမှ ဖမ်းဆီးခံရသူများမှာ မင်းဂံအကွက်(၈)မှ မောင်ဖြိုးဝေစိုး(၁၈ နှစ်)နှင့် ဦးမောင်ရွေသိန်း(၄၃ နှစ်)၊ မင်းဂံအကွက်(၇)မှ မောင်မျိုးဦး(၂၄ နှစ်)တို့ ဖြစ်ကြပြီး ဩဂုတ် ၄ ရက်နေ့ ညက ဖမ်းဆီးခံ ရသည်ဟု ဒေသခံများက ပြောကြားသည်။

ကျောက်ဖြူ ဒေသခဲံ (၅) ဦးအား ယမန်နေ့ သြဂုတ်လ ၅ ရက် ည ၁၁ နာရီခန့်က ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းမှ တပ်သား၂၀ ခန့်နှင့် ရဲတပ်သား ၅ ဦးတို့သည် ဧည့်စာရင်းလာစစ်စဉ် ကျောက်ဖြူမြို့ င/လပွေ့တံတားပေါ်မှ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း င/လပွေ့ရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့ညက ရပ်ကွက်ထဲဧည့်စာရင်းလာစစ်တဲ့စစ်တပ်နဲ့ ရဲအင်အား၂၅ ယောက်လောက် င/လပွေ့တံတားပေါ် မှာရွိတဲ့ လူ ၅ ယောက်ကိုဖမ်းသွားပါတယ်"ဟု ပြောသည်။

လက်ရှိတွင် ၎င်းတို့ ၅ ဦးကို မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှအမျိုးသား ၃ ဦးကိုလည်း ဩဂုတ်လ ၄ ရက် ည ၉ နာရီကျော်တွင် ခမရ ၂၇၀ တပ်ရင်းမှတပ်သားများက သေနတ် ၂ ချက်ပစ်ဖောက်ကာ ဖမ်းဆီးသွားကြောင်း မင်းဂံရပ်ကွက် ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းနှင့် ရာအိမ်မှူးဦးကျော်နိုင်ဦးတို့အား ဆက်သွယ်မေးမြန်းခဲ့ရာ ဧည့်စာရင်းသွားစစ်ရာတွင် ၎င်းတို့မပါဘဲ စစ်တပ်နှင့် ရဲများက စစ်ဆေးခဲ့ခြင်းသာဖြစ်၍ အသေးစိတ်ကိုမသိကြောင်း နိရဉ္စရာကို ပြောသည်။

ရာအိမ်မှူးဦးကျော်နိုင်ဦးက "ဖမ်းဆီးတာတော့ကြားပါတယ်။ ဧည့်စာရင်းသွားစစ်တာမှာ ကျနော်မပါတော့ အေသးစိတ်မသိပါဘူး"ဟု ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ရခိုင်တွင် ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ပုဏ္ဏားကျွန်း၊ မောင်တော၊ ရသေ့တောင်နှင့် မင်းပြားစသည့်မြို့နယ်များတွင် ဧည့်စာရင်းစစ်ဆေးကာဖမ်းဆီးမှုများနှင့် AA ဆက်စပ် သံသယဖြင့်ဖမ်းဆီးခံထားရသူ ဦးရေ ၄၀ ကျော်အထိရှိနေကြာင်း သိရသည်။  (NN-7)

ဆက်စပ် သတင်းများ