တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

AAသို့ ဆေးဝါးများမရောက်ရှိစေရန်ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက ရခိုင်သို့ဆေးဝါးတင်သွင်းခွင့် ကန့်သတ်တားမြစ်မှုမှာ ၈လကျော်ခန့်ကြာမြင့်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.6k

"၎င်းလုပ်ရပ်မှာ ပြည်သူလူလူထုကိုသာထိခိုက်နေ"

နိရဥ္စရာ၊ ဧပြီ / ၂၀၂၃

ရက္ခိုင့်တပ်တော် (AA) သို့ ဆေးဝါးများ အလွယ်တကူ မရောက်ရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်သို့  ဆေးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီကကန့်သတ်ပိတ်ပင်ထားသည်မှာ လက်ရှိတွင် အချိန်အားဖြင့် လကျော်အထိ ကြာမြင့်လာနေပြီဖြစ်ပြီး အဆိုပါ တားမြစ်ပိတ်ပင်မှုမှာ အေအေထက် သာမာန် အရပ်သား ရခိုင်လူထုကိုသာ ပိုပြီး ထိခိုက်မှုရှိနေသည်ဟု ဒေသအတွင်းက ဆေးဆိုင်များနှင့် လူမှုရေး လှုပ်ရှားနေသူများက ပြောကြားသည်။

မြန်မာစစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်ရပ်ထားသည်မှာ လနီးပါး ရှိလာပြီ ဖြစ်သော်လည်း အေအေထံသို့ ဆေးဝါးများရောက်ရှိမည်ကို စိုးရိမ်ကာ ပြည်မဘက်က ရခိုင်သို့ ဆေးဝါးသယ်ယူခွင့်ကို ယခု အချိန်ထိ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားဆဲဖြစ်သည်။

စစ်ကောင်စီတပ်အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးအား ဆေးဝါးများ လွတ်လပ်စွာသယ်ယူခွင့် ပိတ်ပင်ထားခြင်းမှာ ရက္ခိုင့်တပ်တော် (AA)ထံ ဆေးဝါးရောက်ရှိမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ကန့်သတ်တားမြစ်ထားခြင်းဖြစ်သဖြင့် လက်ရှိ အပစ်ရပ်ထားပြီ ဖြစ်၍ ဆေးဝါးသယ်ယူခွင့်ကို  ပြန်လည် ခွင့်ပြုသင့်သည်ဟု အမည်မဖော်လိုသူ စစ်တွေမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဒါကတော့ ရှင်းပါတယ်။ ရခိုင်ဘက်မှာ ဆေးဝါးတွေကို အလွယ်တကူ သယ်ယူခွင့်ရသွားရင် AA ဘက်ကို ရောက်သွားမှာကို စကစ မလိုချင်ဘူး။ ဒါကြောင့် သူတို့က ပြည်သူလူထုကို မငဲ့ဘဲ အခုလို ပိတ်ထားတာပေါ့။ အခု အပစ်ရပ်ထားတာလည်း ကြာပြီဆိုတော့ ပြန်ခွင့်ပြုသင့်ပါတယ်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လက ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်မှစတင်ကာ ရခိုင်ပြည်နယ်သို့ ဆေးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ပိတ်ပင်ထားသဖြင့် မြို့နယ်တိုင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများနှင့် ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်ဟု သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဆေးပြတ်တာက အမြဲတမ်းကြုံရပါတယ်။ အဲဒါကြောင့် အရင်က ပြတ်သွားတဲ့ ပစ္စည်းတွေကိုတော့ မပြတ်ရအောင် ဖိပြီးတော့ ဝယ်ထားရတဲ့အပိုင်းတွေ ရှိပါတယ်။ အများကြီးလည်း ဝယ်ထားနိုင်တာမရှိတော့ အနည်းဆုံး   လစာလောက် ကြိုတင်မှာထားရတဲ့အပိုင်းတွေရှိပါတယ်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်သို့ ဆေးဝါးတင်သွင်းမှုကို တရားဝင်စာထုတ်ပြီး ကန့်သတ်ထားခြင်း ရခိုင်ပြည်ကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များက ပိတ်ဆို့နေခြင်းဖြစ်သည်ဟုလည် ဆေးကုမ္ပဏီများနှင့် ဆေးရောင်းချသူများက ပြောသည်။
ယင်းသို့ ပိတ်ဆို့စစ်ဆေးမှုများကြောင့် မှာယူထားသည့်ဆေးဝါးများသည် အချိန်ကြာမြင့်ပြီးမှ ရောက်လာ၍ စျေးကွက်တွင် ဆေးဝါးပြတ်လပ်မှုများလည်း ရှိတတ်သည်ဟု ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

ဆေးဝါးများ လွတ်လပ်စွာသယ်ယူခွင့်ရရှိရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ထောက်ခံချက်လက်မှတ်ရယူရန် ကျပ်သိန်း ၃ဝ အထိ အများဆုံး လာဘ်ထိုးနေရသည်ဟုလည်း ဆေးဝါးမှာယူရောင်းချသူများက ပြောသည်။

 အဆိုပါ ပြောဆိုချက်အပေါ်  နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
ရခိုင်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ကျနော်တို့ကတော့ နယ်လုံလက်မှတ်လည်း မယူနိုင်ပါဘူး။ နယ်လုံ လက်မှတ်တစ်စောင်ရဖို့အတွက် ငွေတွေ အများကြီးပေးပြီး ယူနေရတော့ ကျနော်တို့က အဲဒီလောက် ပမာဏအများကြီး ရောင်းနေတာမဟုတ်တော့ ငွေအနည်းနဲ့ လုပ်စားနေတဲ့လူတွေဖြစ်တော့ နယ်လုံလက်မှတ်ရဖို့က မဖြစ်နိုင်ပါဘူးဟု ဆိုသည်။
စစ်တွေမြို့ရှိ ဆေးဝါးကုမ္ပဏီများအနေဖြင့်လည်း ပြည်နယ်တွင်း ဆေးဝါးသယ်ယူခြင်းနှင့် ဖြန့်ချိခြင်းတို့တွင် အခက်အခဲများနှင့် ကြုံနေကြရသည်ဟု အမည်မဖော်လိုသည့် ဆေးဝန်ထမ်းတစ်ဦးက ပြောသည်။

ကျနော်တို့က စစ်တွေကနေပြီးတော့ နယ်ဘက်တွေကို ဖြန့်တဲ့အခါမှာတော့ ကားတွေနဲ့သွားလို့ရှိရင် ကျောက်တော်၊ မြောက်ဦးမှာ စစ်တယ်။ ကားတွေမှာက တရားဝင်သယ်သွားလို့မရဘူး။ မြောက်ဦးကားတွေက ကျတော့ ဆေးဖာတွေ ကြီးရင် လုံးဝထည့်လို့မရတော့ဘူး။ ဆိုတော့ ဆေးဝါးသယ်ယူရတာ အခက်အခဲတွေ များတာပေါ့ဟု ဆိုသည်။

ယင်းအပြင် ကျန်းမာရေးဌာနက ခွင့်ပြုပေးထားသည့် ဆေးဝါးများကို သယ်ယူရန်အတွက်လည်း အဆင့်ဆင့် စာတင်ခြင်း၊ ခွင့်ပြုချက်ယူရခြင်းများကို လုပ်ဆောင်နေရသဖြင့် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း ကျန်းမားရေး အသိုင်းအဝိုင်းမှ သိရသည်။

ယခုကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ယခုကဲ့သို့ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း ဆေးဝါးစျေးနှုန်းများလည်း ယခင်ကထက် ပိုမြင့်စျေးမြင့်တက်လျက်ရှိသည်ဟု ဆေးဝါးသုံးစွဲသူများက ပြောကြသည်။ (NN-18)

ဓာတ်ပုံ - ကျောက်တော် စကခ() စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကျပ်နေသည်ကို ၂ဝ၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။

ဆက်စပ် သတင်းများ