တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်မှ ကျေးရွာ ၂ ရွာ မြစ်ရေတိုက်စားခံနေရ၍ ကမ်းထိန်းနံရံကို ကိုယ်ထူကိုယ်ထ တည်ဆောက်နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ ဧပြီ ၆ / ၂၀၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ကုလားရောင်ကျွန်းရှိ ကျေးရွာ ၂ ရွာသည် မြစ်ရေ တိုက်စားမှုဒဏ်ကို အကြီးအကျယ်ခံနေရသည့်အတွက် လက်ရှိတွင် ကမ်းထိန်းနံရံကို ရွာသားများက ကိုယ်ထူကိုယ်ထ တည်ဆောက်နေကြရကြောင်း သတင်းရရှိသည်။

မြစ်ရေ အကြီးအကျယ်တိုက်စားခံနေရသည့်ကျေးရွာများမှာ ကုလားရောင်ကျွန်းရှိ အောင်မင်းချောင်ကျေးရွာနှင့် ဒုံးဆိပ်ကျေးရွာများဖြစ်ပြီး နှစ်ရွာပေါင်း အိမ်ထောင်စု ၂၈၀ ခန့်ရှိကြောင်း သိရသည်။

မြစ်ရေတိုက်စားမှုဒဏ်ကို ဆိုးဝါးစွာခံနေရ၍ အဆိုပါကျေးရွာကမ်းခြေတစ်လျှောက်တွင် အလျား ၂ မိုင်ခန့်ရှိသည့် ကမ်းထိန်းနံရံကို ယနေ့ ဧပြီလ ၆ ရက်၊ နံနက်ပိုင်းမှ စတင်တည်ဆောက်နေကြောင်း ကျေးရွာသားများက ပြောသည်။

အောင်မင်းချောင်ရွာသား ဦးမောင်မောင်တင်က "ဘတ်ဟိုးနဲ့ သစ်လုံးတွေစိုက်ပြီး ဝါးကပ်ကာတယ်။ အဲဒီလိုကာပြီး သဲမြေဖို့တယ်။ နှစ်တိုင်း ရေတိုက်စားပြီး အိမ်တွေပျက်စီးလို့ ရွာကလူတွေက ကိုယ်ထူကိုယ်ထလုပ်နေကြတာပါ" ဟု ပြောသည်။

အဆိုပါကမ်းထိန်းနံရံတည်ဆောက်ရန် ကျေးရွာမှ အိမ်ထောင်စုတစ်စုလျှင် ကျပ်ငွေတစ်သောင်းနှင့် ဒီရေတောမှသစ်လုံး (ကျီးကန်းသား) ၁၅ လုံးစီ ထည့်ဝင်၍ ဘတ်ဟိုးငှားကာ တည်ဆောက်နေကြခြင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။

အောင်မင်းချောင်ရွာသား ဦးမြင့်ရွှေက "မိုးရာသီကျရင် ဒီရွာကအိမ်ခြေတွေက တစ်နှစ်ကို ဆယ်အိမ်၊ ကိုးအိမ် ပြောင်းရွှေ့နေရပါတယ်။ ဒါကြောင့် ဒီကမ်းထိန်းနံရံကို မလုပ်ရင်မဖြစ်တော့ဘူးဆိုပြီး ရွာသူရွာသားတွေက ကိုယ်ထူကိုထစနစ်နဲ့ ဒီရွာမှာရှိတဲ့ အိမ်ထောင်စုတစ်စုကို ပိုက်ဆံတစ်သောင်း၊ သစ်လုံးက ၁၅ လုံးစီ ထည့်ပြီးတော့ တည်ဆောက်နေတာပါ" ဟု ပြောသည်။

နှစ်စဉ် မိုးတွင်းကာလတွင် မြစ်ရေတိုက်စားမှုကြောင့် ကျေးရွာရှိ နေအိမ်မြေနေရာများ ပျက်စီးဆုံးရှုံးနေရပြီး လက်ရှိတွင် ကျေးရွာဗဟိုလမ်းမကြီးအနီးထိ မြေနေရာများပျက်စီးလာ၍ ကျေးရွာပျောက်ကွယ်မသွားရန် ယခုကဲ့သို့ ကိုယ်ထူကိုယ်ထတည်ဆောက်နေရကြောင်း ကျေးရွာသားများက ပြောသည်။

လက်ရှိတည်ဆောက်နေသည့်ကမ်းထိန်းနံရံမှာ ခိုင်ခံ့မှု ရှိနိုင်မည်မဟုတ်သော်လည်း ကမ်းပြိုမှုကို အနည်းငယ်သက်သာစေလို၍ ရွာသားများ၏ကုန်ကျငွေများဖြင့် တည်ဆောက်နေရခြင်းဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါကျေးရွာများမှာ မြစ်နှင့်ချောင်းကြားတွင်တည်ရှိသည့် ကျွန်းမြောင်ပုံစံဖြစ်ပြီး လက်ရှိတွင် မြစ်ရေတိုက်စားမှုကြောင့် ချောင်းနှင့်မြစ်ကြား ကုန်းမြေအကျယ်မှာ ပေ ၂၀၀ ဝန်းကျင်သာကျန်ရှိတော့ကြောင်း ကျေးရွာသားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မိုးနှောင်းပိုင်းကလည်း မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၈ လုံးခန့်ကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရကြောင်း ကျေးရွာသားများက ပြောသည်။

နေအိမ်ပြောင်းရွှေ့ခဲ့ရသည့် အောင်မင်းချောင်ကျေးရွာမှ ဒေါ်သန်းခင်က "မိုးနှောင်းပိုင်းဆိုရင် လှိုင်းကြီးပြီး အန္တရာယ်ရှိပါတယ်။ မနှစ်ကမိုးနှောင်းပိုင်းမှာ အန်တီတို့ အိမ်နောက်ခန်းအားလုံးပါသွားတယ်"  ဟု ပြောသည်။

ယခုကဲ့သို့ ကျေးရွာမြေနေရာများနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများကို နှစ်စဉ်ခံနေရ၍ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအနေဖြင့် ခိုင်ခံ့သည့် ကမ်းထိန်းနံရံကိုပြုလုပ်ကာ မြစ်ကမ်းပြိုမှုကို ကာကွယ်ပေးစေလိုသည်ဟုလည်း ဒေသခံများက တောင်းဆိုနေကြသည်။

ကမ်းပြိုမှုအား ကာကွယ်ပေးရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က ကျေးရွာသားများ လက်မှတ်ရေးထိုး၍ ပြည်နယ်အစိုးအရအဖွဲ့ထံ အကူညီတောင်းခံစာတင်ပြခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

ယခု ဧပြီလ ၃ ရက်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာသို့လာရောက်ကာ မြစ်ချောင်းအတိမ်အနက်ကို ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း ပြောသည်။  

အဆိုပါကျေးရွာများသည် ကမ်းခြေကျေးရွာများဖြစ်သည့်အတွက် ဘိုးဘေးဘီဘင်လက်ထက်ကပင် ငါးဖမ်းပိုက်မျိုးစုံအသုံးပြုပြီး ရေလုပ်ငန်းဖြင့်အသက်မွေးကြကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ