တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦး လေးမျက်နှာပုထိုးတော်တွင် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုမှ စုပေါင်းပြီး ဘုရားရေသပ္ပာယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ ဧပြီ ၁၂ / ၂၀၂၃

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရှိ လေးမျက်နှာပုထိုးတော်ကြီးတွင် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခု စုပေါင်းပြီး ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ ဘုရားရေသပ္ပာယ် (ဘုရားရေချိုးခြင်းအမှုကို) ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့မှ  အရပ်ဘက်အဖွဲ့အစည်း ၁၆ ခု စုပေါင်း၍ လူပေါင်း ၂၀၀ ခန့်ဖြင့် ယနေ့ ဧပြီလ ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Mrauk-U CSO Network အဖွဲ့ ဥက္ကဋ္ဌ ဦးဘညွန့်က ပြောသည်။

"လေးမျက်နှာပုထိုးတော်ကြီးမှာရှိတဲ့ ဘုရားဆင်းတုတော်တွေနဲ့ အရံဆင်းတုတော်တွေကို အမွှေးနံ့သာနဲ့ပက်ဖြန်းပူဇော် ရေသပ္ပါယ်ကြပါတယ်။ သင်္ကြန်ရေပက်မကစားမီ ရခိုင်ဓလေ့ထုံးတမ်းစံအရ ဘုရားရေသပ္ပါယ်မူကို အရင်ပြုလုပ်ကြရပါတယ်။ ဒီအတွက် ဒီကနေ့မှာ စတင်ပြီး ဘုရားရေသပ္ပါယ်မှုကို ပြုလုပ်ကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။

လေးမျက်နှာပုထိုးတော်ကြီးအတွင်းရှိ ဆင်းတုတော် ၁၀ ပါးအပါအဝင် ပုထိုးတော်အနီးတဝိုက်ရှိ အရံဆင်းတုတော် ၄ ပါးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းကာ ဘုရားရေချိုး ရေသပ္ပာယ်ခြင်း အမှုကို ပြုလုပ်ခဲ့ကြသည်။

ဘုရားသပ္ပာယ်သည့်အဖွဲ့များသည် မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက်တွင် စုဝေးပြီး လေးမျက်နှာပုထိုးတော်သို့ သွားရောက်သပ္ပာယ်ပူဇော်ခဲ့ရာ နံနက် ၁၁ နာရီတွင် ရေသပ္ပာယ်ပူဇော်မှုပြီးစီးခဲ့သည်ဟု ဆိုသည်။

လေးမျက်နှာပုထိုးတော်သည် မြို့တည်ပုထိုးတစ်ခုလည်းဖြစ်သလို မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားတွင်ရှိသည့်အတွက် ယခုကဲ့သို့ သွားရောက်ရေသပ္ပာယ်ရခြင်းဖြစ်သည်ဟု Mrauk-U CSO Network အဖွဲ့ ဥက္ကဋ္ဌ ဦးဘညွန့်က ပြောသည်။

လေးမျက်နှာပုထိုးတော်ကြီးကို ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃ဝ တွင် မြောက်ဦးမြို့တည် ဘုရားအဖြစ် တည်ထားခဲ့ခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။ (NN-23)

ဆက်စပ် သတင်းများ