တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ဘဲငါးရာတောင်တန်း တောမီးလောင်၍ ဥယျာဉ်စိုက်ခင်း အများအပြားပျက်စီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

နိရဥ္စရာ၊ ဧပြီ ၁၂/၂၀၂၃


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘဲငါးရာတောင်တန်းတစ်လျှောက် တောမီးလောင်မှုဖြစ်ပွား၍ တောင်ခြေရင်းတွင် စိုက်ပျိုးထားသော ဥယျာဉ်စိုက်ခင်း အများအပြား မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ယင်းတောမီးမှာ ဘဲငါးရာတောင်တန်းအရှေ့ဘက်တစ်လျှောက်တွင် ပြီးခဲ့သည့် ဧပြီလ ၈ ရက်မှစတင်ပြီး ယမန်နေ့ ဧပြီလ ၁၁ ရက်၊ ညနေပိုင်းအထိ နေ့ရောညပါ လောင်ကျွမ်းနေခဲ့ခြင်း ဖြစ်သည်။

ယင်းတောမီးလောင်ကျွမ်းမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ ကျေးတောနှင့် မှိုဟင်းတော စသည့်ကျေးရွာများမှ ကျွန်းပင်စိုက်ခင်း၊ ပြိုင်းပင်စိုက်ခင်းများ၊ ကွမ်းစိုက်ခင်းများအပြင် တောင်ယာ၊ ဥယျာဉ်စိုက်ခင်း အချို့သည်လည်း မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးက "မီးက ဘယ်ကနေ ဘယ်လိုစလောင်တယ်တော့ မသိဘူး။ ဘဲငါးရာတောင်တန်း တစ်လျှောက်လောင်တာပဲ။ ကျွန်တော်တို့က တောမီးလောင်တာလို့ယူဆတယ်။ မီးက တမြေ့မြေ့နဲ့လောင်နေတာ။ စိုက်ခင်းတွေလည်း တော်တော်များများပျက်စီးသွားပါတယ်" ဟု ပြောသည်။

တောမီးလောင်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ မှိုဟင်းတောကျေးရွာတစ်ရွာတည်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် စိုက်ခင်းပိုင်ရှင် ၁၀ ကျော်၏စိုက်ခင်းများပျက်စီးသွားသည်ဟုလည်း သိရသည်။

မှိုဟင်းတောရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းက "မီးလောင်လို့ တောင်ယာ စိုက်ခင်းတွေ၊ ဥယျာဉ်တွေလည်း ပျက်စီးသွားပါတယ်။ အဲ့ဒီတောင်ခြေတစ်လျှောက်မှာရှိတဲ့ ရွာကစိုက်ခင်းတွေ မီးလောင်သွားတယ်။ ကျွန်တော့်မှာလည်း ၁၀ ဧကကျော်လောက်ရှိတဲ့ စိုက်ခင်းတစ်ခုပျက်စီးသွားပါတယ်။ တစ်ခြားရွာတွေက စိုက်ခင်းတွေလည်း ပျက်စီးသွားပါတယ်။ ပျက်စီးသွားတဲ့ ပမာဏတော့မသိရသေးဘူး" ဟု ပြောသည်။

ထိုသို့စိုက်ခင်းများ မီးလောင်ပျက်စီးသွားသော်လည်း တောင်ယာစိုက်ခင်းပိုင်ရှင်များအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးတိုင်ကြားထားခြင်းမရှိဟု ဆိုသည်။

တောတောင်များကို တောမီးရှို့ခြင်းသည် မြေဆီလွှာကိုပျက်စီးစေခြင်း၊ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပွားစေခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ်များ လေထုထဲသို့ရောက်ရှိစေခြင်း၊ မြေဆီမြေလွှာများ ဖြစ်ပေါ်လာစေရန်ပံ့ပိုးပေးသည့် မြေအောက်ရှိဇီဝမျိုးစုံ၊ မျိုးကွဲများကို သေဆုံးစေခြင်းတို့ကြောင့် တောင်ယာများရွေ့ပြောင်းခုတ်ထွင်းလုပ်ဆောင်လိုသူများအနေဖြင့်လည်း တောတောင်များကို စနစ်တကျမီးရှို့ပြီး မီးငြိမ်းသတ်သင့်သည်ဟု အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူ ကိုမျိုးလွင်က ပြောသည်။

"
တောနဲ့ တောင်ယာတွေကိုမီးရှို့တာက ပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိတယ်။ တောင်ယာလုပ်ကိုင်သူတွေအနေနဲ့ အသက်မွေး ဝမ်းကျောင်းအတွက်၊ စိုက်ပျိုးရေးအတွက် တောင်ယာရွေ့ပြောင်းလုပ်ကိုင်ဖို့ တောမီးရှို့ရင်လည်း

စနစ်တကျ မီးလမ်းတွေခွဲပြီး လုပ်ဆောင်ဖို့လိုတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ဖြစ်သလိုတောမီးရှို့လိုက်ခြင်းက တစ်တောလုံးကိုလောင်ကျွမ်းစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပိုဖြစ်စေတယ်။ ပြီးတော့ သစ်တောကိုထိန်းပြီး လည်ပတ်နေတဲ့ ဂေဟစနစ်နဲ့ မြေပေါ်၊ မြေအောက်မှာရှိတဲ့ ဇီဝမျိုးစိပ်ပေါင်းများစွာကိုသေစေနိုင်တယ်။ ရှို့မီးပဲဖြစ်ဖြစ်၊ ပေါ့ဆမီးပဲဖြစ်ဖြစ် ဒေသခံတွေအနေနဲ့လည်း မီးကိုလမ်းကြောင်းခွဲပြီး စနစ်တကျငြိမ်းသတ်ပေးဖို့လိုတယ်" ဟု ပြောသည်။

ရခိုင်တွင် နှစ်တိုင်းလိုလို တောင်ယာလုပ်ကိုင်သူများက တောင်ယာများပြောင်းရွေ့လုပ်ကိုင် စိုက်ပျိုးရန်အတွက် အပင်များကို ခုတ်ထွင်းရှင်းလင်းကြပြီး တောတောင်များကို မီးရှို့ခြင်းတို့ကြောင့် အနည်းနှင့်အများဆိုသလို တောမီးလောင်မှုများ မကြာမကြာ ဖြစ်ပေါ်လေ့ရှိသည်။

ယင်းသို့တောမီးလောင်မှုများဖြစ်ပေါ်ပါက ဒေသဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ယင်းတောမီးလောင်မှုများကို စနစ်တကျဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး မီးငြိမ်းသတ်ရန် လိုအပ်လှသလို အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်လိုအပ်လှသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်၊ နေ့လယ် ၁၂ နာရီခန့်ကလည်း ကျောက်တော်တောင်အရှေ့ဘက် တောင်အောက်ရှိ လယ်ကွင်းပြင်များကို လယ်ပိုင်ရှင်များက မီးရှို့ခဲ့ရာမှ ကျောက်တော်တောင်အထိမီးကူးသွားပြီး တောမီးလောင်မှုဖြစ်ပွားခဲ့သေးသည်။ (NN-12)

ဓာတ်ပုံ - နိရဥ္စရာနှင့် သာဂီသွီး

ဆက်စပ် သတင်းများ