တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ကျင်းပသည့် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ မြို့နယ်ထွေအုပ်အသင်း ပထမဆုရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.9k

နိရဥ္စရာ၊ ဧပြီ ၁၂ / ၂၀၂၃

ရခိုင်ပြည်နယ်ထဲမှ ခရိုင်မြို့တစ်ခုဖြစ်သည့် တောင်ကုတ်မြို့၊ သမိုင်းဝင်ဖောင်တော်ဦး စေတီတော်ရင်ပြင်တွင် ယနေ့ ဧပြီလ ၁၂ ရက်၊ ညနေ ၄ နာရီခွဲအချိန်က ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ရခိုင်ရိုးနံ့သာသွေးပြိုင်ပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကို (၆) ကြိမ်မြောက်အဖြစ် တောင်ကုတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှုးကျင်းပနေပြီး ယနေ့ညနေပိုင်းတွင် နံ့သာသွေးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။

အဆိုပါ နံ့သာသွေးပြိုင်ပွဲတွင် ခရိုင်ထွေအုပ်အသင်း၊ မြို့နယ်ထွေအုပ်အသင်း၊ ပညာရေးအသင်း၊ ရဲတပ်ဖွဲ့အသင်း၊ သိမ်တောင်၊ ကိုင်းရှည်၊ ဂူတာနှင့် ကံပိုင်အသင်းစသည့် အသင်း (၈)သင်းယှဉ်ပြိုင်ခဲ့ပြီး တစ်သင်းလျှင်ပြိုင်ပွဲဝင် ၆ ဦးခန့်က နံ့သာသွေးရကြောင်း သိရသည်။

ပြိုင်ပွဲရလဒ်အရ ခရိုင်ထွေအုပ်နှင့် မြို့နယ်ထွေအုပ်တို့က ပထမ၊ ဒုတိယဆုရပြီး ကံပိုင်အသင်းက တတိယဆုရရှိကာ ရဲတပ်ဖွဲ့အသင်း၊ ဂူတာအသင်း၊ ကိုင်းရှည်အသင်းတို့မှာ နှစ်သိမ့်ဆုရရှိခဲ့သည်။

မနက်ဖြန် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မနက် ၇ နာရီတွင် ဘုရားရေသပ္ပာယ်ခြင်းကို ဖောင်တော်ဦးစေတီတော်မှာပင် ကျင်းပသွားမည်ဟု ခရိုင်ထွေအုပ်တာဝန်ရှိတစ်ဦးက ပြောသည်။

ယခုနှစ် သင်္ကြန်ကို ရခိုင်မြို့နယ်တိုင်းတွင် စည်ကားစွာကျင်းပရန် ပြည်နယ်ကောင်စီက ညွှန်ကြားထားပြီး တောင်ကုတ်မြို့တွင်လည်း ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ပြောသည်။ (NN-23)

ဆက်စပ် သတင်းများ