တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မြေပဲ ယခုနှစ် ဈေးကောင်းရနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

နိရဥ္စရာ၊ ဧပြီ ၁၂/ ၂၀၂၃

ရခိုင်တွင် ယခုနှစ်အတွင်း မြေပဲစိုက်ပျိုးသူ နည်းပါးခဲ့သော်လည်း မြေပဲပေါ်ချိန်၌ ဈေးကောင်း ရရှိနေသည်ဟု မြေပဲစိုက်ပျိုးသူများက ပြောသည်။

ရခိုင်တွင် ယခင်နှစ်က ယခုကဲ့သို့ မြေပဲပေါ်ချိန်တွင် မြေပဲတစ်တောင်းလျှင် ကျပ် ၆၇၀၀ သာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၁၂၀၀၀ အထိ စျေးကောင်းရနေပြီး မြေပဲအရည်အသွေးအပေါ်မူတည်၍ ဈေးကောင်းပေးဝယ်ယူနေသည်ဟု စိုက်ပျိုးသူများက ပြောသည်။

ကျောက်တော်မြို့နယ်မှ မြေပဲစိုက်ပျိုးသူတစ်ဦးက "မြေပဲက ဒီနှစ် ဈေးကောင်းရနေတယ်။ မနှစ်ကထက် တစ်ဆပိုပြီး ဈေးကောင်းရနေပါတယ်။ မနှစ်က မြေပဲတစ်တောင်းကို ၆၇၀၀ ကျပ်ရှိခဲ့တယ်။ ဒီနှစ်က မြေပဲ အိတ်ဆံပြည့် မပြည့်အပေါ်မူတည်ပြီး ၁၁၀၀၀ ကျပ်ကနေ ၁၂၀၀၀  ကျပ်အထိ ဈေးရှိနေတယ်" ဟု ပြောသည်။

ရခိုင်တွင် မြေပဲကို ကျောက်တော်အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ဆောင်းသီးနှံအဖြစ် အများအားဖြင့် စိုက်ပျိုးတတ်ကြကြောင်း သိရသည်။

သို့ရာတွင် ရခိုင်ပြည်နယ်အတွင်း ယခင်နှစ်က တစ်ကျော့ပြန်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခဲ့၍ မြေပဲစိုက်ပျိုးသည့်ရာသီ၌ ယခင်နှစ်များကထက် စိုက်ပျိုးသူ နည်းပါးခဲ့သည်ဟု ကျောက်တော်မြို့နယ်မှ မြေပဲစိုက်ပျိုးသူတစ်ဦးက ပြောသည်။

 

"စိုက်ပျိုးချိန်ရာသီတုန်းက နိုင်ငံရေးအခြေအနေတွေက မငြိမ်မသက်နဲ့ အခြေအနေမကောင်းခဲ့ဘူး။ မြေပဲစိုက်ပျိုးခဲ့ပြီး နိုင်ငံရေးအခြေအနေမကောင်းရင် ဒီအတိုင်းပစ်ထားခဲ့ရာမှာစိုးတာနဲ့ မြေပဲစိုက်ပျိုးတဲ့ တောင်သူတွေက နည်းပါးခဲ့တယ်" ဟု ပြောသည်။

ယင်းအပြင် အရဲစွန့်၍စိုက်ပျိုးခဲ့ရသူများတွင်လည်း ထွန်ယက်စိုက်ပျိုးစရိတ်များ ယခင်နှစ်များကထက် ဈေးမြင့်တက်ခြင်း၊ သွင်းအားစုများဖြစ်သည့် မြေပဲမျိုးစေ့ ဈေးမြင့်တက်ခြင်းနှင့် မြေသြဇာဈေးနှုန်းများမြင့်တက်ခဲ့ခြင်းတို့ကို ကြုံခဲ့ရသည်ဟု ဆိုကြသည်။

ယင်းကြောင့် ယခုနှစ်တွင် မြေပဲဈေးကောင်းရရှိနေသော်လည်း သွင်းအားစုစရိတ်စခများကို ပေးချေလိုက်ရလျှင် မြေပဲစိုက်ပျိုးသည့်တောင်သူများ၌ အကျိုးခံစားခွင့်မရှိဖြစ်နေသည်ဟု မြေပဲစိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

"မြေပဲက ဈေးကောင်းရပေမဲ့ ကျွန်မတို့လို့တောင်သူတွေက အရှုံးပေါ်နေတာချည်းပါပဲ။ မြေပဲမျိုးစေ့က မနှစ်က ၉ သောင်းကျော်ပဲရှိတယ်။ ဒီနှစ်က ၁သိန်း ခုနှစ်သောင်းကျော် အထိဈေးတက်သွားတယ်။ ဒီကြားထဲ မြေဆီနဲ့ ထွက်ယက်စရိတ်ပါ ဈေးတက်သွားတော့ မြေပဲရောင်းချိန်ဈေးကောင်းရပေမဲ့ သွင်းအားစုခတွေပေးချေလိုက်တော့ ကျွန်မတို့ ဘာအကျိုးမှမခံစားရပါဘူး။ တောင်သူတွေက စိုက်ပျိုးရင်းနဲ့ အရှုံးပေါ်နေတာပါ" ဟု ပြောသည်။

ရခိုင်မှမြေပဲများကို မြေပဲကုန်သည်များက တောင်သူများဆီမှတဆင့်ဝယ်ယူကာ မကွေး၊ မန္တလေး၊ ချောက်စသည့် ပြည်မသို့တင်ပို့ခြင်းဖြစ်ပြီး ထိုသို့တင်ပို့ရာ၌လည်း လမ်းခရီးတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များထံ အခွန်ကြေးများပေးဆောင်ကာ ပို့ဆောင်နေရသည်ဟုလည်း မြေပဲကုန်သည်တစ်ဦးက ပြောသည်။

"ရခိုင်ကဝယ်တဲ့ မြေပဲကို ပြည်မသို့အဓိကတင်ပို့တယ်။ အဲ့ဒီလိုတင်ပို့တဲ့အခါကျတော့ လမ်းခရီးမှာ အခွန်ကြေးတွေလည်း ပေးဆောင်ရတယ်။ ဒီဘက်မှာမြေပဲဈေး ဥပမာ ၄၀၀၀ ဆိုရင် ပြည်မဘက်မှာက ၄၄၀၀ ရှိတယ်။ သယ်ယူခ၊ အလုပ်သမားခနဲ့ဆိုရင် ကျွန်တော်တို့ ကုန်သည်တွေက ၁ ရာခိုင်နှုန်းလောက်ပဲ မြတ်စွန်းပါတယ်" ဟု ပြောသည်။

လက်ရှိတွင် သင်္ကြန်ကာလဖြစ်နေ၍ ရခိုင်မှမြေပဲဝယ်လက်ဈေးကွက်ကို ပြည်မဘက်က ယာယီရပ်နားထားသည်ဟု မြေပဲစိုက်ပျိုးသူများနှင့် မြေပဲကုန်သည်များက ပြောသည်။ (NN-12)

ဆက်စပ် သတင်းများ