တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မင်းပြားမြို့ပေါ်ရှိ သောက်ရေကန်များအားလုံး ရေခမ်းခြောက်သွား၍ မြို့ခံများ ရေအခက်အခဲကြုံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 640

နိရဥ္စရာ၊ ဧပြီ ၁၉/ ၂၀၂၃


ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် အဓိကသောက်သုံး​နေသည့် သောက်ရေကန်များအားလုံးမှာ သင်္ကြန်မတိုင်မီကတည်းက ရေခမ်းခြောက်သွား၍ သောက်သုံးရေ  အခက်အခဲဖြင့် ကြုံတွေ့နေရသည်ဟု မြို့ခံများမှတစ်ဆင့် သိရသည်။

မင်းပြားမြို့တွင် အကြီးဆုံးသောက်ရေကန်တစ်ကန်ဖြစ်သည့် အလယ်ပိုင်းရပ်ကွက်ရှိ မင်းကန်သောက်ရေကန်မှာ နွေရာသီစရောက်ကတည်းက ရေစတင်ခမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရေလုံးဝခမ်းခြောက်သွားသဖြင့် ရေအခက်အခဲဖြင့်ကြုံတွေ့နေရသည်ဟု ​မင်းပြားမြို့ခံတစ်ဦးဖြစ်သူ မခိုင်ခိုင်က ပြောသည်။

"မင်းကန် သောက်ရေကန်မှာက ရေလုံးဝခမ်းခြောက်သွားပြီ။ သင်္ကြန်မတိုင်မီကတည်းက ကန်အလယ်မှာ ကျွန်းပေါ်သလို မြေကြီးကပေါ်နေပြီးတော့ ကန်အနားပတ်လည်မှာတော့ ရေနည်းနည်းလေးရှိနေပါတယ်။ ရှိနေတဲ့ရေလည်း သုံးမရတော့ပါဘူး" ဟု ပြောသည်။

အလားတူ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ ပြည်တော်လှသောက်ရေကန်မှာလည်း ရေလုံးဝခမ်းခြောက်သွားကာ ကန်ထဲရှိ မြေကြီးများပင် အက်ကွဲကြောင်းကြီးများ ပေါ်လျက်ရှိနေသည်ဟု မခိုင်ခိုင်က ဆက်ပြောသည်။

"ပြည်တော်လှကန်လည်း ရေမရှိတော့ဘူး။ မြေအက်ကွဲကြောင်းကြီးနဲ့ ရေလုံး ခမ်းခြောက်နေပါပြီ။ ရေအခက်အခဲနဲ့ ကြုံနေရပါတယ်" ဟု ပြောသည်။

မင်းပြားတွင် အဓိကသောက်ရေကန်များဖြစ်ကြသည့် မင်းကန်သောက်ရေကန်နှင့် ပြည်တော်လှသောက်ရေကန်တို့ ရေခမ်းခြောက်သွားရခြင်းမှာ ယခုနှစ်နွေရာသီ အပူချိန်ပိုမြင့်တက်ခြင်း၊ ကန်ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုကို အထူး ကာကွယ်ပေးထားနိုင်သည့် ကြာပင်များမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု မြို့ခံများက ပြောဆိုဝေဖန်နေကြသည်။

ယင်းအပြင် သုံးရေအဖြစ် ခပ်ယူအသုံးပြုနေကြသည့် ရပ်ကွက်အလိုက်ကန်ရေများမှာလည်း ရေခမ်းလာပြီဖြစ်၍ များမကြာမီ၌ သုံးရေပြဿနာအခက်အခဲဖြင့်လည်း ကြုံတွေ့လာနိုင်ဖွယ်ရှိသည်ဟု ဈေးကြီးရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

"သုံးရေက ရပ်ကွက်အလိုက်ကန်တွေက ခပ်ပြီးသုံးကြတယ်။ တစ်ချို့ရပ်ကွက်တွေမှာဆို သုံးရေလည်းခမ်းနေလို့ တခြားရပ်ကွက်က တွန်းလှည်းတွေပေါ် ရေဂါလံဘူးတွေတင်ပြီး ရေရောင်းတယ်။ ရေတွန်းလှည်းတစ်စီးမှာ ရေ ၈ ဘူးပါတယ်။ အဲ့ဒီတွန်းလှည်းတစ်စီးကို ၃၀၀၀ ပေးရတယ်။ ရေချိုးမယ်၊ လျှော်ဖွတ်မယ်၊ ချက်ပြုတ်ဆေးကြောမယ်ဆို အဲ့ဒီးတွန်းလှည်းတစ်စီးနဲ့ တစ်ရက်မှာလိုက်လို့မမီနိုင်ဘူးဖြစ်နေပါတယ်" ဟု ပြောသည်။

မင်းပြားမြို့တွင် သောက်ရေကန်များ ရေလုံးဝခမ်းခြောက်သွား၍ လက်ရှိတွင် မင်းပြားမြို့၊ အမ်းသားရွာမှ ရေသန့်စက်ရုံထွက် လီတာ ၂၀ ဆံ့ ရေသန့်ဘူးများကို ဝယ်ယူကာ သောက်သုံးရေအတွက် ဖြေရှင်းနေရသည်ဟုလည်း မင်းပြားမြို့ခံတစ်ဦးက ပြောသည်။

"အခုက အမ်းသားရွာက လီတာ ၂၀ ဆံ့သောက်ရေဘူးတွေဝယ်ပြီး သောက်သုံးရေ ပြဿနာကိုဖြေရှင်းနေရပါတယ်။ တစ်ဘူးကို ၇၀၀ ကျပ်ပေးရတယ်။ မိသားစုများရင် များသလောက် တစ်နေ့မှာ ရေနှစ်ဘူး၊ သုံးဘူး ကုန်တယ်။ ဒီလိုရေဝယ်သောက်နေရတာ တာရှည်ဆို ငွေကုန်ကြေးကျများပြီး အခက်အခဲတွေရှိလာနိုင်ပါတယ်" ဟု ပြောသည်။

မင်းပြားမြို့ပေါ်မှ ကန်များ ရေခမ်းခြောက်လာမှုကိုကာကွယ်နိုင်ရန် မြို့ပေါ်ရှိ တာဝန်ရှိသူများ အနေဖြင့်လည်း အဆိုပါကန်များတိမ်ကောလာမှုများအား စက်များဖြင့် တူဖော်မှုများပြုလုပ်ရန်လိုအပ်လှဟုလည်း မြို့ခံများက တောင်းဆိုနေကြသည်။

မင်းပြားမြို့ခံတစ်ဦးက "အခုက နွေမကုန်သေးဘူး။ မိုးရာသီရောက်ဖို့ကလည်း အဝေးကြီးလိုသေးတယ်။ ဒီနှစ် အခုလိုရေပြဿနဲ့ကြုံရပေမဲ့ နောက်နှစ်တွေမှာမကြုံရအောင် အဲ့ဒီကန်တွေရေခမ်းခြောက်နေတုန်း စက်နဲ့ဖြစ်ဖြစ် တာဝန်ရှိသူတွေက တူးဖော်လိုက်ရင် နောက်နှစ်တွေမှာ အခုလိုရေပြဿနာနဲ့ကြုံမှာမဟုတ်ဘူးလို့မြင်တယ်" ဟု  သူ၏အမြင်ကို ပြောသည်။

 

မင်းပြားမြို့ပေါ်ရှိ ကန်များတွင် ရေခမ်းခြောက်သွားသဖြင့် သင်္ကြန်ရေပက်ကစားရာတွင်လည်း မြို့ပြင်ရှိ ဖလောင်းပြင်ဆည်က ရေကို ကားများသယ်ယူပြီး ရေပက်ကစားခဲ့ရသည်ဟု သိရသည်။

ရခိုင်တွင် နှစ်စဥ်နွေရာသီရောက်တိုင်း မြို့နယ်အချို့ရှိကျေးရွာများနှင့် စစ်ဘေးရှောင် စခန်းများတွင်လည်း ရေပြဿနာဖြင့်ကြုံတွေ့နေရ၍ နီးစပ်ရာ မြစ်၊ ချောင်းများမှ ရေတင်စက်ဖြင့်ရေတင်ယူကာ သုံးစွဲနေရသည်များလည်းရှိနေကြသည်ဟု သိရသည်။(NN-12)

ဓာတ်ပုံ - သန်းမောင်ဦး
(ရေခမ်းခြောက်သွားသည့် မင်းပြားမြို့၊အလယ်ပိုင်းရပ်ကွက်ရှိ မင်းကန်သောက်ရေကန်မြင်ကွင်း)

ဆက်စပ် သတင်းများ