တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် တားမြစ်စားသောက်ကုန်ပစ္စည်းများအား ရောင်းချဖြန့်ဝေမှုများဆက်ရှိနေ၍ ထိထိရောက်ရောက်တားဆီးရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.3k

နိရဥ္စရာ၊ ဧပြီ ၂၁/၂၀၂၃

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ  တားမြစ်ထားသည့် စားသောက်ကုန်များကို ဆက်လက်ရောင်းချဖြန့်ဝေမှုများရှိနေ၍ ထိထိရောက်ရောက် တားဆီးရန် လိုအပ်နေကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။ 

 

FDA က စားသုံးရန်မသင့်သည့် စားသောက်ကုန်များ အဖြစ် စားသုံးကုန် (၃၉မျိုးကို ထုတ်ပြန်ထားသည်။ 

 

ယင်းအထဲတွင် ရခိုင်ပြည်အတွင်းမှ ထုတ်သည့် ခြင်္သေ့မင်းတံဆိပ်ငရုတ်ဆီ၊ New Choice တံဆိပ် မက်မန်းသီးထုပ်၊ ABC (rainbow) တံဆိပ် စတော်ဘယ်ရီအရသာအချိုရည်၊ Sunlight တံဆိပ်ကိုလာ အရသာအချိုရည်နှင့် Lucky Tiger တံဆိပ် ငရုတ်ဆီတို့ ပါဝင်နေသည်။

 

လက်ရှိမှာ ရခိုင်ကမြို့နယ်များတွင် FDA က စားသုံးရန်မသင့်ဟု သတိပေးစာထုတ်ဝေထားသည့်အစားအသောက်များကို စျေးကွက်တွင် ရောင်းချဖြန့်ဝေမှုများ ပုံမှန်ရှိနေသည်ဟု ဒေသခံများကပြောသည်။

 

ယခုကဲ့သို့ ထိရောက်အောင်တားဆီးဖို့အတွက် အဓိကဇစ်မြစ်ဖြစ်သည့် ထုတ်ဝေရောင်းချနေသူများကို ဥပဒေနှင့် အညီ ထိထိရောက်ရောက် တားဆီးပိတ်ပင်ဖို့ လိုအပ်ကြောင်း အမ်းမျိုးဆက်သစ် လူငယ်ကွန်ယက် ဥက္ကဋ္ဌမအေးအေးနိုင်က ပြောသည်။

 

"တားမြစ်အစားအစာလို့သာပြောတယ်။ အောက်ခြေမှာ ပြည်သူတွေက မသိတာ များတယ်။ မသိပဲစားကြတာတွေရှိတယ်။ နောက်ပြီး သိသိနဲ့ပဲ စားလည်းဘာမှမဖြစ်နိုင်ပါဘူးဆိုပြီး အဆိပ်အတောက် ဖြစ်မှာကို သိသိနဲ့စားကြတာလည်းရှိတယ်။ အဓိကတော့ ကျမအနေနဲ့ တားမြစ်အစားအစာနဲ့ပတ်သက်ပြီးထုတ်တဲ့လူတွေကိုပဲ အဓိကထား ထိန်းချုပ်ဖို့လိုတယ်လို့မြင်တယ်။ လူထုထဲ ဒီတားမြစ်ထုတ်ကုန် ပစ္စည်းတွေ မရောက်လာအောင်ပေါ့နော်။ အခုကဘယ်လောက်ပဲ တားမြစ်တားမြစ် ထုတ်တဲ့သူတွေက ရှိနေတဲ့အခါကျတော့ လူထုက ဒါတွေကိုမသိဘဲ စားကြတယ်။ စားပြီးရင် ကျမတို့ မြင်လည်းမြင်တွေ့နေရတယ်။ ဒီအစားအစာတွေကြောင့် အဆိပ်အတောက်ဖြစ်နေတာတွေလည်း ရှိတယ်ပေါ့

 

မြန်မာနိုင်ငံအတိုင်းအတာနှင့် လက်တွေ့အသိပညာပေးမှု အားနည်းသည့်အတွက် စျေးကွက်မှာရောင်းချဖြန့်ဝေမှုများရှိနေသရွေ့ ကလေးသူငယ်များအပါအဝင် စားသုံးသူများမှာ ဝယ်ယူစားသုံးနေကြမြဲဖြစ်၍ ကြာလာသည်နှင့်အမျှ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်လာနိုင်သည်ဟု သူမကဆိုသည်။ 

 

တားမြစ် စားသောက်ကုန်များတွင် Benzoic acid  Sodium Cyclamate   ခွင့်မပြုဆိုးဆေး Rhodamine B  Orange ll  Residual So2  Sodium Benzoate  Potassium Sorbate Potassium Sorbate တို့အား သတ်မှတ်ပမာဏထက်ပိုမိုသုံးစွဲထားခြင်း၊ Auramine O များပါဝင်ခြင်း၊ အဏုဇီဝသတ်မှတ်ချက်ဖြင့် ကိုက်ညီမှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း FDA ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

အဆိုပါ အစားအသောက်များကို စားမိပါက ဝမ်းပျက်၊ ဝမ်းလျောအပြင် ကြာလာလျှင် ကင်ဆာဖြစ်လာနိုင်ခြေပိုများသည်ဟု သိရသည်။ 

 

ဝယ်ယူစားသုံးသူများအနေနှင့် တားမြစ်အသိပညာပေးမှုကို မသိ၍ဖြစ်စေ၊ ငွေရေးကြေးရေးအခက်အခဲကြောင့်ဖြစ်စေ  ဝယ်ယူစားသုံးနေကြသည့်အတွက် တာဝန်ရှိသူ ဌာနဆိုင်ရာများ အနေဖြင့် အလေးအနက်ထားဆောင်ရွက်သင့်ကြောင်း စစ်တွေက လူမှုရေးအဖွဲ့တစ်ခုဖြစ်သည့် မေတ္တာရောင်ခြည်သွေးလှူရှင်များအသင်းဥက္ကဋ္ဌ ကိုလင်းလင်းကပြောသည်။ 

 

"ရောင်းချသူရှိရင် စားသုံးသူလည်းရှိနေတယ်။ ဒါက  ကျန်းမာရေးအတွက် ကောင်းမွန်မှုမရှိဘူး။ထိခိုက်မှုရှိတယ်ဆိုတာကို မသိတဲ့အပိုင်းရှိတယ်။ တချို့ကျတော့ ငွေရေးကြေးရေး ခက်ခဲတဲ့အတွက်ဝယ်စားတာတွေရှိတယ်။ တာဝန်ရှိတဲ့ အစိုးရအနေနဲ့ ဒီကိစ္စကို အလေးအနက်ထား ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့မြင်ပါတယ်ဟု ပြောသည်။ 

 

တားမြစ်စားသောက်ကုန်များကို စျေးကွက်လိုလားမှုအရ ရောင်းချမှုများရှိသလို FDA Myanmar အနေနှင့် စျေးကွက်မှာ လာရောက်စစ်ဆေးပြီး ကန့်သတ်မှုများရှိသော်လည်း ဟန်ပြလောက်သာဖြစ်ပြီး ထိထိရောက်ရောက်အရေးယူမှုမရှိဘူးဟု စစ်တွေကစျေးဆိုင်ရောင်းချသူတစ်ဦးက ပြောသည်။

 

"တားထားတဲ့ပစ္စည်းတွေရောင်းမိတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် စျေးကွက်ကလည်း ဒီပစ္စည်းကို ရှာတာ၊ လိုလားတာမျိုးရှိတော့ တားမြစ်ထားတာကို သိရင်တောင် သူများစျေးဆိုင်တွေနည်းတူ ရောင်းလိုက်တယ်ပေါ့။ ဌာနဆိုင်ရာက တခါတလေ ကွင်းဆင်းစစ်ဆေးတာမျိုးတော့ ရှိပေမယ့် ပစ္စည်းသိမ်းတာမျိုးတွေလောက်ပဲရှိတာပဲ။တကယ်ဆို ထပ်မထုတ်အောင်ပိတ်သင့်တယ်လို့ထင်ပါတယ်ဟု ဆိုသည်။ 

 

အခုကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်၍ မရခဲ့သဖြင့် သူတို့၏ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

 

ပုံစာ - FDA စျေးကွက်အတွင်း စစ်ဆေးမှု

ဆက်စပ် သတင်းများ