တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် (၇)ကြိမ်မြောက် မြိုအမျိုးသားနေ့အခမ်းအနား ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ ဧပြီ ၂/၂၀၂၃

(၇)ကြိမ်မြောက် မြိုအမျိုးသားနေ့ အခမ်းအနားကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ကျေးရွာတွင် စဉ်လာမပျက် ကျင်းပသွားမည်ဟု သိရသည်။

 

မြိုအမျိုးသားနေ့အကြိုအဖြစ် ဧပြီလ ၂၄ ရက် ညတွင် ညစာစားပွဲနှင့် မျိုးနွယ်စုအလိုက် အလှည့်ကျ ကပြဖျော်‌ဖြေသွားမည်ဖြစ်ပြီး ကဆုန်လဆန်း (၇)ရက်ဖြစ်သည့် ဧပြီ ၂၅ ရက်၊ နံနက် ၇ နာရီခွဲတွင် အခမ်းအနားကို စည်စည်ကားကားကျင်းပသွားမည်ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက နိရဥ္စရာကိုပြောသည်။

 

မြိုလူမျိုးတွေမှာ တောင်ယာစပါးဦးကို စူးထိုးကောက်ဦးချတဲ့နေ့ဖြစ်တဲ့ ကဆုန်လဆန်း (၇)ရက်ကို အမှီပြုပြီးတော့ အမျိုးသားနေ့လုပ်ရခြင်းဖြစ်တယ်ဟုပြောသည်။

 

အခမ်းအနားကိုတက်ရောက်ရန် ရခိုင်မျိုးနွယ်စုများဖြစ်သည့် ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီးနှင့် သက်လူမျိုးတို့ကို ဖိတ်ခေါ်ထားသည်ဟုလည်း ဆိုသည်။

 

ဦးဇနီဖြူကအခုလိုလုပ်ရတာက ရခိုင်မျိုးနွယ်စုဝင်တွေအားလုံး ကိုယ့်လူမျိုးအလိုက် ကိုယ့်လူမျိုးတွေအကြောင်းကို သိလာတယ်။ မတူကွဲပြားတဲ့ ရိုးရာဝတ်စုံတွေ၊ ဓလေ့တွေ ဖော်ထုတ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် ဟုပြောသည်။

 

မြိုအမျိုးသားနေ့အခမ်းအနားကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၆ရက်တွင် မောင်တောမြို့နယ်၊ သာစည်ရွာ၊ ၃ မိုင်ဘုန်းကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်ဟု သိရသည်။

 

မြိုလူမျိုးများသည် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင် နေထိုင်ကြပြီး စုစုပေါင်း လူဦးရေ ၄ သောင်းခန့်ရှိသည်ဟု သိရသည်။

 

တောင်ပေါ်‌ဒေသများတွင် တောင်ယာအလုပ်ကို အဓိကလုပ်ကိုင်စားသောက်ကြသည်ဟုလည်း သိရသည်။ (NN-13)

 

ပုံစာ- ၆ကြိမ်မြောက် မြိုအမျိုးသားနေ့ကျင်းပပုံ

ဆက်စပ် သတင်းများ