တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ၈ ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ မေ ၃ ရက်၌ ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.1k

နိရဥ္စရာ၊ ဧပြီ ၂၃/ ၂၀၂၃

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင်(၈)ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို မေလ ၃ရက်၌ ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ မရမာကြီးအမျိုးသားနေ့အခမ်းအနားကို ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ အဝေးပြေးကားဂိတ်အနီးရှိ မရမာကြီး ရတနာ့ဗိမာန်ကျောင်းတိုက်၌ ကဆုန်လပြည့်နေ့ဖြစ်သည့် လာမည့်မေလ ၃ ရက်တွင် ကျင်းပသွားမည်ဟု သိရသည်။

ယင်းမရာမာကြီးအမျိုးသားနေ့ကို ကျင်းပရခြင်းသည် အမျိုးဘာသာ သာသနာကို ပျောက်ကွယ်မသွားစေရန်၊ လူမျိုးတစ်မျိုးအနေဖြင့် အမျိုးသားနေ့တစ်နေ့ သတ်မှတ်ထားသည်ကို သိရှိရန်လိုအပ်ခြင်း၊ နောင်လာမည့် မျိုးဆက်သစ်များကို မြေတောင်မြှောက်ပေးရန်လိုအပ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု မရမာကြီးစာပေနှင့် ယဥ်ကျေးမှူးအသင်းဥက္ကဋ္ဌ၊ မရမာကြီးလူမျိုးစုခေါင်း​ဆောင် ဦးမောင်နုက ပြောသည်။

"နောက်လာမယ့် မျိုးဆက်သစ်တွေကို မြေတောင်မြှောက်ပေးဖို့လည်း လိုအပ်တာလည်း ပါတယ်။ မရမာကြီးအမျိုးသားနေ့က ကျင်းပဖို့လည်း လိုအပ်တယ်။ လူမျိုးက ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ အဲ့ဒါကြောင့် မရမာကြီးလူမျိုးတွေနဲ့ ဆရာတော်၊ သံဃာတော်တွေနဲ့ဆွေးနွေးပြီး ကျင်းဖို့စီစဥ်ကြတာပါ" ဟု ပြောသည်။

မရမာကြီးအမျိုးသားနေ့အခမ်းအနားတွင် ကလေးစာပေပြိုင်ပွဲ၊ အကပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ဝတ်စားဆင်ယင်မှုပြခန်းများပါ ပါဝင်သည်ဟုလည်း ဆိုသည်။

ယင်းအခမ်းအနားသို့ ရခိုင်​ပြည်နယ်စစ်ကောင်စီအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်များဖြစ်သော သက်၊ ခမီ၊ မြို၊ ဒိုင်းနက်(ခေါ်)သက္ကမ၊ ကမန်လူမျိုးများနှင့် ချင်းလူမျိုးများက တက်ရောက်အားပေးချီးမြှင့်ကြသည်ဟု သိရသည်။

မရမာကြီးအမျိုးသားနေ့ကို ဘုရားရှင်အားဖွားမြင်တော်မူသည့် ကဆုန်လပြည့်နေ့ကို သတ်မှတ်ထားခြင်းဖြစ်သည်။

မရမာကြီးအမျိုးသားနေ့အခမ်းအနားကို ၂၀၁၅ ခုနှစ်မှစတင်ကာ ပထမအကြိမ်အဖြစ် ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ပြီး စစ်တွေ၊ မင်းပြားတို့တွင် ဆက်လက်ကျင်းပခဲ့ကာ ယခု ၈ ကြိမ်မြောက်ကို ကျောက်ဖြူမြို့တွင် ပြန်လည်ကျင်းပသွားမည်ဟု သိရသည်။

မရမာကြီးလူမျိုးများသည် ရခိုင်တွင် မင်းပြား၊ မြောက်ဦး၊ ပုဏ္ရားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်ကြပြီး ရခိုင်ရှိစုစုပေါင်းလူဦးရေမှာ နောက်ဆုံးကောက်ယူထားသည့်စာရင်းများအရ ၈၉၀၀ ခန့်ရှိသည်ဟု မရမာကြီးစာပေနှင့် ယဥ်ကျေးမှုအသင်းမှ သိရသည်။

ယင်းအပြင် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေထိုင်ကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် လူဦးရေ ၁ သောင်းခွဲခန့်ရှိသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ