တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

(၇)ကြိမ်မြောက် မြိုအမျိုးသားနေ့ ပုဏ္ဏားကျွန်းတွင် စတင်ကျင်းပ (ဓာတ်ပုံသတင်း)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 474

နိရဉ္စရာ၊ ဧပြီ ၂၅/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၂၄ ရက်၊ ညနေ ၇ နာရီခွဲခန့်မှ စတင်ကာ (၇)ကြိမ်မြောက် မြိုအမျိုးသားနေ့အခမ်းအနားကို စတင်ကျင်းပနေသည်။

အဆိုပါအခမ်းအနားတွင် ဆရာတော်သံဃာတော် ၃ ပါးက ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ရခိုင်၊ ဒိုင်းနက်(ခေါ်)သက္ကမ၊ မြိုနှင့် ခမီစသည့်လူမျိုးများက ရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်း၊ ဌာနဆိုင်ရာ လူကြီးများက အားပေးစကားများပြောကြားခြင်းစသည့် အစီအစဥ်များထည့်သွင်းကျင်းပခဲ့သည်။

ယနေ့ ဧပြီ ၂၅ ရက်၊ နံနက်တွင် (၇)ကြိမ်မြောက် မြိုအမျိုးသားနေ့နှင့်ပတ်သက်သည့် ဟောပြောခြင်းအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။

နှစ်စဉ်ကဆုန်လဆန်း (၇)ရက်ကို မြိုအမျိုးသားနေ့အဖြစ် မြိုလူမျိုးတို့က သတ်မှတ်ထားသည်။

မြိုအမျိုးသားနေ့အခမ်းအနားကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၆ရက်တွင် မောင်တောမြို့နယ်၊ သာစည်ရွာ၊ ၃ မိုင်ဘုန်းကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်ဟု သိရသည်။

မြိုလူမျိုးများသည် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင် နေထိုင်ကြပြီး စုစုပေါင်း လူဦးရေ ၄ သောင်းခန့်ရှိသည်ဟု သိရသည်။

တောင်ပေါ်‌ဒေသများတွင် တောင်ယာအလုပ်ကို အဓိကလုပ်ကိုင်စားသောက်ကြသည်ဟုလည်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ