တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ဆားလုပ်ငန်းမြှင့်တင်ရေး ဆားတောင်သူများအား ကျပ်သိန်း ၁ သောင်း မေလအတွင်း ထုတ်ချေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 660

(ရခိုင်တွင် ဆားကြမ်းတစ်ပိဿာကို ကျပ် ၇၀၊ ၈၀ ခန့်သာရှိခဲ့သော်လည်း ယခုအခါ ဆားကြမ်းတစ်ပိဿာလျှင် ပျမ်းမျှအားဖြင့် ကျပ် ၁၅၀ ခန့်အထိ စျေးကောင်းရနေ)

နိရဥ္စရာ၊ ဧပြီ ၂၇ / ၂၀၂၃


ရခိုင်ပြည်နယ်ရှိ ဆားလုပ်ငန်းအားမြှင့်တင်နိုင်ရန် ဆားတောင်သူများကို ပြည်နယ်ကောင်စီက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ်သိန်း ၁ သောင်း မေလအတွင်း ထုတ်ချေးသွားမည်ဟု သိရသည်။

ယမန်နေ့ ဧပြီ ၂၆ ရက်တွင် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ကျောက်ဖြူမြို့ရှိ  ဆားတောင်သူများနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့တို့တွေ့ဆုံစဉ် ယခုကဲ့သို့ ကျပ်သိန်း ၁ သောင်း ထုတ်ချေးမည့် အကြောင်းကို ပြည်နယ်ကောင်စီဘက်က ပြောကြားခဲ့သည်ဟု ကျောက်ဖြူမြို့နယ်မှ ဆားလုပ်ငန်းရှင် ဦးထွန်းကြွယ်က ပြောသည်။

"ဆားလုပ်ငန်းကို မြှင့်တင်ဖို့အတွက် အတိုးနှုန်း အနည်းငယ်နဲ့ သိန်းတစ်သောင်းထုတ်ချေးသွားမယ်လို့ ပြောတယ်။ ဧပြီလကုန် မေလဆန်းလောက်မှာ ထုတ်ချေးသွားမယ်လို့ဆိုပါတယ်"ဟုပြောသည်။

အဆိုပါချေးငွေများကို ရခိုင်ရှိ ဆားလုပ်ငန်းလုပ်ကိုင်သည့်မြို့နယ်များမှ ဆားတောင်သူများကို အစုအဖွဲ့ပုံစံဖြင့် ချေးပေးသွားမည်ဟု ရခိုင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက နိရဥ္စရာကို အတည်ပြုပြောသည်။

"သိပ်မကြာခင်မှာ ချေးသွားမှာပါ။ တစ်ပြည်နယ်လုံးအတိုင်းအတာအရ ထုတ်ချေးသွားမှာပါ။ ကျောက်ဖြူ၊ စစ်တွေ၊ ပေါက်တော အဲလိုမျိုး ဆားလုပ်နေတဲ့ သူတွေပါမှာပေါ့။ ချေးငွေလိုချင်တဲ့ သူတွေကို ထုတ်ချေးသွားမှာပါ" ဟုပြောသည်။

ရခိုင်တွင် နေလှန်းဆားလုပ်ငန်းကို ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြားနှင့် ရမ်းဗြဲမြို့နယ် စသည့် မြို့နယ် ၁၂ ခုတွင် ဇန်နဝါရီလမှ ဧပြီလအထိ လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

ဆားဟောင်းများကုန်ပြီး ဆားသစ်မပေါ်မ ကာလဖြစ်သည့် တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလများတွင် ဆားဈေးကောင်းရလေ့ရှိသည့်အတွက် ထွက်ရှိလာသော ဆားများကို နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရရှိသော ငွေများဖြင့် စနစ်တကျ သိုလှောင်ထားကာ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ခွင့်ရချင်သည်ဟု ဦးထွန်းကြွယ်က ပြောသည်။

"အခုရရှိမယ့်ချေးငွေတွေနဲ့ ဆားတွေကို အမိုးအကာလုံလုံနဲ့ သိုလှောင်ထားပြီးတော့ ပြည်ပကို တင်ပို့ရောင်းချခွင့်ရချင်ပါတယ်"ဟုဆိုသည်။

ပြီးခဲ့သည့် တပို့တွဲ၊ တပေါင်းလများတွင် မြူဆိုင်းနေခဲ့သည့်အတွကဆားအထွက်နှုန်း မကောင်းခဲ့သော်လည်း ယခုအချိန်တွင် အပူချိန်ပြင်းထန်လာသည့်အတွက် ယင်းကာလထက် နှစ်ဆခန့်ပိုမိုမြင့်မားကာ ဆားအထွက်နှုန်းကောင်းနေသည်ဟု ဆားတောင်သူများက ပြောသည်။

ပြီးခဲ့သည့်နှစ်က ယခုရာသီတွင်ဆိုလျှင် ဆားကြမ်းတစ်ပိဿာကို ကျပ် ၇၀၊ ၈၀ ခန့်သာရှိခဲ့သော်လည်း ယခုအခါ ဆားကြမ်းတစ်ပိဿာလျှင် ပျမ်းမျှအားဖြင့် ကျပ် ၁၅၀ ခန့်အထိ စျေးကောင်းရနေသည်ဟု ဆိုသည်။

သို့သော်လည်း ရခိုင်ရှိ ဆားတောင်သူများမှာ ဆားထုတ်လုပ်ရာတွင် မိရိုးဖလာအတိုင်း မြေကြီးပေါ်နေလှန်းတတ်ကြဆဲဖြစ်၍ ဆားအရည်အသွေး ညံ့ဖျင်းကာ လူကြိုက်နည်းနေကြောင်း သိရသည်။

ဆားသန့်၊ ဆားကောင်းရရှိနိုင်ရန် ပလတ်စတစ်အခင်းဖြင့် နေလှန်းခြင်းနှင့် နောက်ထပ် နည်းပညာများမြှင့်တင်ပေးရန် လိုအပ်လျက်ရှိသည်ဟုလည်း ဆားတောင်သူများက ပြောဆိုကြသည်။

ရခိုင်မှ ဆားများကို ပြီးခဲ့သည့် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပင် တင်ပို့နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အရည်အသွေးညံ့ဖျင်းမှုကြောင့် တင်ပို့နိုင်ခြင်းမရှိတော့ဟု သိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်တင်ပို့ရောင်းချနိုင်ရေးကူညီဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ထံ တောင်းဆိုထားကြောင်း ဆားတောင်သူများက ပြောသည်။ (NN-21)

ဆက်စပ် သတင်းများ