တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အလုပ်သမားနေ့အထိမ်းအမှတ် အမ်းတွင် သစ်ပင် ၁၀၀၀ စိုက်ပျိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 509

နိရဥ္စရာ၊ မေ ၁/ ၂၀၂၃

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သစ်ပင် ၁၀၀၀ စိုက်ပျိုးခဲ့သည်ဟု သိရသည်။

 

အဆိုပါသစ်ပင် ၁၀၀၀ ကို ယနေ့ မေလ ၁ ရက်က ပျဉ်းချောင်း၊ နဂါးချောင်းနှင့် ကျောက်မောင်နှမချောင်း စသည့်ချောင်း ၃ ချောင်းအနီးရှိ သစ်တော၊ သစ်ပင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဧက ၂၀၀ အကျယ်ရှိသော တောင်ပေါ် သစ်တောများတဝိုက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

တောင်ပေါ်ဒေသများတွင် သစ်ပင်များပြုန်းတီးလာ၍ ရေအရင်းအမြစ်နှင့် သဘာဝမြေဆီလွှာများ ခမ်းခြောက်လာနေသည့်အတွက် စိုက်ပျိုးရခြင်းဖြစ်သည်ဟု အမ်းမြို့ခံ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးဖြစ်သူ ကိုမျိုးလွင်က ပြောသည်။

"သစ်ပင်စိုက်ပျိုးတာကတော့ တောင်ပေါ်ဒေသမှာရှိတဲ့ သစ်တောတွေပြုန်းတီးလာနေလို့ ရေအရင်းအမြစ်တွေလည်း အများကြီးခမ်းခြောက်လာနေတယ်။ အဲ့ဒါတွေကို ထိန်းသိမ်းသင့်တယ်ဆိုတဲ့အမြင်နဲ့ ဒီနေ့အလုပ်သမားနေ့အထိမ်းအမှတ်နဲ့ သစ်ပင် ၁၀၀၀ စိုက်ပျိုးတာပါ" ဟု ဆိုသည်။

ထိုသို့စိုက်ပျိုးခဲ့သည့်သစ်ပင် ၁၀၀၀ ထဲတွင် အဓိကအပင် (၁၀)မျိုးပါဝင်ပြီး ယင်းအပင်များမှာ သီးပင်၊ စားပင်များဖြစ်သည့် မရမ်းပင်၊ သပြေပင်စသည့်အပင်များအပြင် ဒေသအတွင်း ရှားပါးလာသည့် အပင်များနှင့် ရေထိန်းတောများတွင်ရှိသည့်အပင်တို့ဖြစ်သည်ဟု ကိုမျိုးလွင်က ပြောသည်။

"လူနဲ့သတ္တဝါတွေ။ ကျေးငှက်သာရကာတွေပါ စားသုံးလို့ရတဲ့အပင်တွေလည်း ပါပါတယ်။ ပထမတော့ ပျိုးအိတ် ၈၀၀ လောက်ပဲစိုက်ပျိုးမလို့။ နောက်မှ အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ထပ်တိုးပြီး ၁၀၀၀ စိုက်ပျိုးဖြစ်လိုက်တာ" ဟု ဆိုသည်။

ပြီးခဲ့သည့်ဧပြီလ ၁၄ ရက်မှစတင်ကာ ဧပြီလ ၁၆ ရက်အထိ သင်္ကြန်ကာလ အထိမ်းအမှတ်အဖြစ် အမ်းမြို့နယ်၊ ဆနွင်းကျွန်း၊ မြုံအုန်းကျွန်းနှင့် ကျားအိုးချောင်းတို့တွင် ပနံပင်၊ ရေအုန်းပင်နှင့် ပြူးဝိုင်းပင်များစသည့် ဒီရေပင် ၁,၅၀၀ ကျော်ကိုလည်း စိုက်ပျိုးခဲ့သည်ဟု ကိုမျိုးလွင်က ပြောသည်။ (NN-12)

Photos - Ko Myo Lwin

ဆက်စပ် သတင်းများ