တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

(၈) ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ ကျောက်ဖြူတွင် ကျင်းပ (ဓာတ်ပုံသတင်း)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 446

နိရဥ္စရာ၊ မေ ၃/ ၂၀၂၃

(၈)ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ အဝေးပြေးကားဂိတ်အနီးရှိ မရမာကြီးရတနာ့ဗိမာန်ကျောင်းတိုက်တွင်  ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါအခမ်းအနားကို ယနေ့ မေလ ၃ ရက်၊ နေ့လယ် ၁ နာရီမှစတင်ကာ ညနေ ၅ နာရီအထိကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ကလေးစာပေပြိုင်ပွဲ၊ အကပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ အပါအဝင် ရခိုင်မျိုးနွယ်ပေါင်းစုံတို့၏ ဝတ်စားဆင်ယင်မှု ပြခန်းများပါ ပါဝင်သည်ဟုလည်း ဆိုသည်။

အခမ်းအနားသို့ ကျောက်ဖြူမြို့ရှိ အစိုးရဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်များဖြစ်သော သက်၊ ခမီ၊ မြို၊ ဒိုင်းနက်(ခေါ်)သက္ကမ၊ ကမန်လူမျိုးများနှင့် ချင်းလူမျိုးများလည်း တက်ရောက်အားချီးမြှင့်ခဲ့ကြသည်ဟု မရမာကြီးစာပေနှင့် ယဉ်ကျေးမှူးအသင်းတာဝန်ရှိသူက ပြောသည်။

မရာမာကြီးအမျိုးသားနေ့ကို ကျင်းပရခြင်းသည် အမျိုးဘာသာ သာသနာကို ပျောက်ကွယ်မသွားစေရန်၊ လူမျိုးတစ်မျိုးအနေဖြင့် အမျိုးသားနေ့တစ်နေ့ သတ်မှတ်ထားသည်ကို သိရှိရန်လိုအပ်ခြင်း၊ နောင်လာမည့် မျိုးဆက်သစ်များကို မြေတောင်မြှောက်ပေးရန်လိုအပ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

မရမာကြီးအမျိုးသားနေ့ကို ဗုဒ္ဓဘုရားရှင်အားဖွားမြင်တော်မူသည့် ကဆုန်လပြည့်နေ့ကို သတ်မှတ်ထားခြင်းဖြစ်သည်။

မရမာကြီးအမျိုးသားနေ့အခမ်းအနားကို ၂၀၁၅ ခုနှစ်မှစတင်ကာ ပထမအကြိမ်အဖြစ် ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ပြီး စစ်တွေ၊ မင်းပြားတို့တွင် ဆက်လက်ကျင်းပခဲ့ကာ ယခု ၈ ကြိမ်မြောက်ကို ကျောက်ဖြူမြို့တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

မရမာကြီးလူမျိုးများသည် ရခိုင်တွင် မင်းပြား၊ မြောက်ဦး၊ ပုဏ်ရားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်ကြပြီး ရခိုင်ရှိစုစုပေါင်းလူဦးရေမှာ နောက်ဆုံး ကောက်ယူထားသည့် စာရင်းများအရ ၈၉၀၀ ခန့်ရှိသည်ဟု မရမာကြီးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ သိရသည်။

 

ယင်းအပြင် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေထိုင်ကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် လူဦးရေ ၁ သောင်းခွဲခန့်ရှိသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ