တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ကောင်စီကားများယခုရက်ပိုင်းအတွင်း အသွားအလာများ၊ မဆင်မခြင်မောင်းနှင်မှုကြောင့် ပြည်သူသာမက ဘုန်းကြီးပါထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 758

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီကားများယခုရက်ပိုင်းအတွင်း သွားလာမှုများနေပြီး မဆင်မခြင် မောင်းနှင်နေမှုကြောင့် ပြည်သူသာမက ဘုန်းကြီးပါ ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီကားများသည် ယခုနောက်ပိုင်း စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်တွင် မဆင်မခြင် အရှိန်ပြင်းစွာမောင်းနှင်နေမှုကြောင့် ခရီးသွားလာနေကြသည့် ပြည်သူအချို့ကို တိုက်မိမှုများ ဖြစ်ပွားလျက်ရှိသည်ဟု အတိုက်ခံရသည့် ကာယကံရှင်များက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂ ရက်၊ ညနေ ၅ နာရီခန့်ကလည်း ကျောက်တော်မြို့ရှိ ရထားဘူတာ ကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေသည့် အသက် (၆၆)အရွယ် ဦးကျော်စိုးချေ(အမည်လွှဲ)သည် ဟင်းသီးဟင်းရွက်ထည့်လာသည့် ခြင်း ၂ ခုကိုဆိုင်ကယ်တွင် တင်ဆောင်ာစဉ် တောင်ပေါက်ကြီး ကျေးရွာအနီးလမ်းမပေါ်အရောက်တွင် စစ်ကား အနည်းဆုံးအစီး ၅၀ ခန့်ရှိမည့် စစ်ကောင်စီယာဥ်တန်းထဲမှ ကားတစ်စီးက ရှပ်တိုက်သွားခြင်းကို ခံခဲ့ရပြီး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

 

ရထားဘူတာကယ်ဆယ်ရေးစခန်းကနေ ကျောက်တော်မြို့ကို ဟင်းသီးဟင်းရွက်တွေ ရောင်းချရန်ဆိုင်ကယ်နဲ့ မောင်းလာတာပါ။   စစ်ကောင်စီယာဥ်တန်း နောက်ကနေ ပါလာတာကို သိတဲ့အတွက်  ဆိုင်ကယ်ကို လမ်းဘေးသို့ကပ်ပေးခဲ့ပေမယ့်  စစ်ကောင်စီယာဥ်တန်းထဲက ကားတစ်စီးကနေ  ဝင်တိုက်သွားခဲ့ပါတယ်။  ဆိုင်ကယ်လဲကျပြီး  ဒဏ်ရာရရှိ ခဲ့ပါတယ်ဟု ၎င်းက ပြောသည်။

 

အတိုက်မခံရအောင် လမ်းဘေးကို ကပ်ပေးခဲ့သော်လည်း ဝင်တိုက်သွားခဲ့သည်ဟု ဆိုသည်။

"တောင်ပေါက်ကြီးနားကိုရောက်တော့ နောက်ကစစ်ကားသုံးစီးလောက်ကျော်တက်သွားတယ်။ သူတို့ယာဥ်တန်းပါလာတယ်ဆိုပြီး ဆိုင်ကယ်ကိုလမ်းဘေးကို အကပ်နိုင်ဆုံး ကပ်ပေးလိုက်တယ်။ အဲလိုကပ်ပေးခဲ့လည်း သူတို့ထဲကတစ်စီးက တိုက်သွားခဲ့တာပါ"


အဆိုပါစစ်ကောင်စီယာဥ်တန်းထဲမှကားက ဝင်တိုက်မိပြီးဆိုင်ကယ်လဲကျခဲ့ရာ ခြေမျက်စေ့ နားတွင် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ခါးနှင့်ခြေထောက်များမှာ နာကျင် ကိုက်ခဲနေကြောင်း ဦးကျော်စိုးချေက ပြောသည်။

"ဒဏ်ရာရတာကတော့ ခြေမျက်စေ့နားမှာ အရေပြားနည်းနည်းပွန်းပဲ့သွားပါတယ်။ ပြီးတော့ ဆိုင်ကယ်ရဲ့ ဒူးကာတွေ၊ ကာဗာတွေပျက်စီးသွားတယ်။ ခါးတွေ၊ ခန္ဓာတွေလည်း အခုထိ နာနေပါတယ်။ ဆိုင်ကယ်ဦးထုပ်ပါလို့ လူကဘာမှဖြစ်မသွားတာပါ"ဟု ပြောသည်။

၄င်းကို ဝင်တိုက်ခဲ့သည့် စစ်ကောင်စီယာဥ်တန်းမှာ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရား ဘက်မှ ကျောက်တော်မြို့ဘက်သို့ မောင်းနှင်လာခြင်းဖြစ်သော်လည်း မည်သည့်တပ်ကမှန်း မသိကြောင်း သူကပြောသည်။

ဇွန်လ ၂၉ ရက်၊ နံနက် ၁၀ နာရီကျော်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ကျေးရွာ အနီးတွင် စစ်ကောင်စီယာဥ်တန်းမှကားတစ်စီးက လမ်းဘေးတွင်ချရပ်ထားသည့် တုတ်တုတ် (သုံးဘီးယာဥ်) တစ်စီးအားဝင်တိုက်ခဲ့၍ ပုဏ္ဏားကျွန်းမြို့နယ်မှ သက်တော် ၆၀ ကျေယ်အရွယ် တန်းခိုးကျောင်းထိုင်ဆရာတော်ကြီးနှင့် တုတ်တုတ်မောင်းသမားတို့ ဒဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း သိရသည်။

ယင်းအနက် ဆရာတော်ကြီးမှာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံကြီးတွင် ဆေးကုမှု ခံယူနေရသည်ဟု သိရသည်။

ယခုကဲ့သို့ တိုက်မိသည်ကို သိသော်လည်း စစ်ကောင်စီကားများက ရပ်တန့်မှုမရှိခဲ့သလို ဒဏ်ရာရသူများကိုလည်း တစ်စုံတရာ မေးမြန်းပြောဆိုခြင်း၊ တောင်းပန်ခြင်း မရှိဘဲ ဆက်လက် ကားများကို မောင်းကာ ထွက်ခွာသွားကြသည်ဟု ဒဏ်ရာရသူများက ပြောသည်။

(NN-23)

ဆက်စပ် သတင်းများ