စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

အမ်းမြို့မရဲစခန်းအချုပ်ခန်းထဲတွင် ဆေးကုသခွင့်မရ၍ AA ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားသူ တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 661

(အမ်း မြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရများ လူ့အခွင့်အရေးချိုးဖောက်မှုကို ဆိုးဆိုးဝါးဝါး ခံစားနေကြရဟုဆို)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ မြို့မရဲစခန်းတွင် ဆေးကုသခွင့်မရရ၍ ရက္ခိုင့်တပ်တော် (AA) ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ တစ်ဦးနှင့် အမျိုးသမီးတစ်ဦး များမကြာမီက သေဆုံးသွားခဲ့သည်ဟု သိရသည်။  

 

သေဆုံးသွားသူမှာ AA ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ  ပေါက်တောမြို့နယ်မှ ကိုသန်းစိုး(၂၉)နှစ်ဖြစ်သည်။

သူသည် အချုပ်ခန်းအတွင်း ဖျားနေသည်မှာကြာပြီဖြစ်သော်လည်း ဆေးကုသခွင့်မရခဲ့ဘဲရှိနေခဲ့ပြီး အလွန်တရာအားနည်းလာတော့မှ ဇူလိုင်လ ၁ ရက်တွင် အမ်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ယင်းနေ့တွင်ပင် ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်ဟု ကိုသန်းစိုးနှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြောသည်။

သူ့အလောင်းကိုလည်း မိသားစုထံဆက်သွယ်အကြောင်းမကြားဘဲ အမ်းသုသာန်တွင် သင်္ဂြိုလ်ခဲ့ကြသည်ဟုလည်း သိရသည်။

ကိုသန်းစိုးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပြီး တရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် တရားစွဲခံထားရကာ အမ်းမြို့မရဲစခန်းတွင် ချုပ်နှောင်တရားစွဲဆိုခံနေရသူ ဖြစ်သည်။


လက်ရှိ မ်းမြို့ ရဲစခန်း အချုပ်ခန်းအတွင်းမှာ အချုပ်သားတွေ ရာသီတုတ်ကွေး ဖြစ်ပွားလျက် ရှိကြတယ်လို့ သိရပါတယ်။ ကိုသန်းစိုးဆိုရင်လည်း ဆေးကုသခွင့်မရခဲ့ဘူး။  အနာလွန်ပြီးမှ  ဇူလိုင်လ ၁ ရက်က ဆေးရုံတင်တော့ ဆေးရုံမှာဘဲ ဆုံးသွားခဲ့ပါတယ်။ အဲသလို ဆုံးသွားတာကို မိသားစုကိုလည်း အကြောင်းမကြားဘဲ ဒီအတိုင်းဘဲ သင်္ဂြိုလ်လိုက်ပါတယ်ဟု ၎င်းက ပြောသည်။

ကိုသန်းစိုးကဲ့သို့ အမ်းအချုပ်ခန်းတွင် ဆေးကုသခွင့်မရဘဲ သေဆုံးသွားသည့် နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ရှိခဲ့သည်ဟု ဆက်ပြောသည်။

သူမသည် အမ်းမြို့နယ်အတွင်း ပြည့်တန်ဆာအမှုဖြင့် ထောင်ချခံထားရပြီး အမ်းအချုပ်ခန်းမှတဆင့် ကျောက်ဖြူအကျဉ်းထောင်သို့ပို့ရန်ပြင်ဆင်ထားချိန် မေလအတွင်းက နေမကောင်းဖြစ်လာခဲ့ရာ ဆေးကုသခွင့်မရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အမ်းမြို့မ ရဲစခန်းချုပ်တွင် ဖမ်းဆီးခံထားရသူများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆိုးဆိုးဝါးဝါး ခံစားနေကြရသည်ဟု ၎င်းက ပြောသည်။

အမ်းမြို့မရဲစခန်းရှိ အချုပ်ခန်းထဲတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသူများ၊ PDF နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသူများ၊ မွတ်ဆလင်များအား ပြည်မဘက်သို့ အထောက်အထားမဲ့ပို့သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲခံနေရသူများ၊ ပြည်မဘက်သို့ အထောက်မဲ့ ထွက်ခွာသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မွတ်ဆလင်များနှင့် မြို့နယ်တွင်းရှိ ဒုစရိုက်မှုများမှ ဖမ်းဆီးထားသူများ ပြွတ်သိပ်ပြည့်ကျပ်ကာ နေနေရကြောင်း အမ်းမြို့နယ်မှ လူ့အခွင့်အရေး လှုပ်ရှားနေသူ တစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။




လက်ရှိတွင် အဆိုပါအချုပ်သားများကို ကျန်းမာရေးစောင့်ရှောက်ပေးမှုမရှိခြင်း၊ ကောင်းမွန်သည့် အစာအာဟာရများ မကျွေးခြင်းနှင့် အချုပ်သားများအား သန့်သန့်ရှင်းရှင်းထားပေးမှုမရှိခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ဆိုးဆိုးရွားရွားပြုလုပ်လျက်ရှိသည်ဟု သူက ပြောသည်။

ရောဂါဖြစ်ရင် ဆေးမကုရတဲ့သူတွေရှိတယ်။ တချို့ AA အမှုက လူတွေကတော့ မိသားစုနဲ့ အလှမ်းဝေးတယ်ပေါ့။ တစ်ခေါက်လာဖို့ကလည်း မလွယ်ဘူး။ သူတို့တွေက ပိုပြီးတော့ ဒုက္ခရောက်နေကြရတယ်ပေါ့။ အဲဒီကပေးတဲ့ ပုံစံထမင်းတွေစားရတယ်။ ကန်စွန်းရွက်ရေလုံပြုတ်နဲ့ ထမင်းက ခွက်သေးသေးလေးနဲ့တစ်ခွက် စားရတာတွေရှိတယ်။ ပိုက်ဆံရှိသူတွေက အပြင်က ဝယ်စားလို့ ရတယ်ပေါ့။ မိသားစုရှိရင် လာပို့ကြတယ်။ သူတို့တွေက အဆင်ပြေတယ်။ မိသားစုလည်း မရှိတဲ့သူတွေကျတော့ အရမ်းဒုက္ခရောက်တယ်ပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိဘူးဟု ပြောသည်။

ယခုကဲ့သို့ အမ်းအချုပ်ခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းနှင့် နောက်ထပ်လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ကဲ့သို့သော  အဖွဲ့အစည်းများက လာရောက်စစ်ဆေးပေးသင့်သည်ဟု သူက ထောက်ပြပြောဆိုသည်။

“ICRC က အချုပ်တို့၊ ထောင်တို့ကို စစ်ပိုင်ခွင့်ရှိတယ်လေ။ အကျဉ်းဌာနတွေကို စစ်ပိုင်ခွင့်ရှိတယ်။ ICRC တို့လိုအဖွဲ့အစည်းက ဒီဟာတွေကို ဟုတ်လား၊ မဟုတ်လား၊ အမှန်တကယ် သေလား၊ မသေလား၊ လူ့အခွင့်အရေးဆုံးရှုံးနေလား၊ တရားခံတွေဟာ ဒီလိုမျိုးဖြစ်နေတာ ဟုတ်လား၊ မဟုတ်လားဆိုတာတွေကို စစ်ဆေးမှ ပိုသင့်တော်မယ်လို့ သုံးသပ်မိပါတယ်ဟု ပြောသည်။

ယခုကိစ္စများနှင့်ပတ်သက်ပြီး အမ်းမြို့မရဲစခန်းသို့ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။

အမ်းအချုပ်ခန်းထဲတွင် AA နှင့်ဆက်စပ်သံသယဖြင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုခံနေရသူ ၂ဝ ကျော်ရှိပြီး PDF နှင့်ဆက်စပ်သံသယဖြင့် နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မ ၅ဝ၅(က)နှင့် တရားစွဲခံနေရသူ ၁ ဦးရှိသည်ဟု သိရသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူများ ထဲတွင် အမ်းမြို့နယ်အတွင်းမှ အများဆုံးဖြစ်ပြီး ပေါက်တောနှင့် မြေပုံမြို့နယ် တို့မှလည်း ပါဝင်သည်ဟု ဆိုသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုခံထားရသူ ၂ဝ ကျော်ထဲတွင် အမျိုးသမီးငယ်များလည်း ပါဝင်ပြီး သူတို့အားလုံးကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် အမ်းမြို့နယ်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ (NN-16)

ဆက်စပ် သတင်းများ