သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ရခိုင်လေဘေးကယ်ဆယ်ရေးအတွက် ဆန်ရိက္ခာသယ်ဆောင်လာသည့် ကားများကို နယ်လုံဝန်ကြီးလက်မှတ်မပါဟုဆိုကာ စစ်တွေ ကျောက်တန်းဂိတ်တွင် တားဆီးခံခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 345

နိရဥ္စရာ၊ ဇူလိုင် ၅/၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှတဆင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းမှ ရွာ ၈ ရွာကို လေဘေးကယ်ဆယ်ရေး သွားပေးသည့် ကိုယ်တော်သဘာဝနဒီနှင့်အဖွဲ့ကို စစ်တွေအထွက်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်က နယ်လုံ လက်မှတ် မပါဟုဆိုကာ ယနေ့နံနက်က ဖြတ်သန်းခွင့်မပေးဘဲ တားဆီးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အကြီးအကျယ်ဒုက္ခဖြစ်နေကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်း ဒေသမှကျေးရွာ ၈ ရွာသို့ ဆန်ရိက္ခာထောက်ပံ့ပေးရန် ယမန်နေ့ ဇူလိုင်လ ၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်ထောက်ခံစာရယူပြီး ယနေ့ ဇူလိုင်လ ၅ ရက်၊ နံနက်တွင် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်ခဲ့ရာ လမ်းတွင် တားဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုယ်တော်သဘာဝနဒီက မိန့်သည်။


"နယ်လုံဝန်ကြီးလက်မှတ်မပါလို့ပါ ပြန်လှည့်ဖို့ခိုင်းတာပါ။ ဒီအခုခရီးစဉ်က ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်း ဒေသရယ်၊ စမ္ပတီးချောင်းဒေသရယ်ကိုပါ။ မနက်ဖြန်အတွက်ကတော့ နယ်လုံ လက်မှတ်မယူတော့ဘူး။ ဒီနေ့အတွက်က ပုဏ္ဏားကျွန်းမြို့နယ် ထွေအုပ်ဆီက ဒီနေ့အတွက်တော့ ခွင့်ပြုချက်ရထားပြီးသား။ မနက်ဖြန်အတွက်လည်း ခွင့်ပြုချက်ရပြီးသား။ ပြည်နယ်ပြန်ကြားရေး တာဝန်ခံက မြို့နယ်ထွေအုပ်ခွင့်ပြုချက်ရရင် သွားလို့ရတယ်လို့ ပြောထားတယ်လေ။ အခု ဆန်အိတ်တွေက ပုဏ္ဏားကျွန်းကဝယ်ရတာအဆင်မပြေလို့ စစ်တွေကဝယ်ထားတဲ့ အဆင့်ပဲလေ" ဟုမိန့်ကြားသည်။

အဆိုပါအဖွဲ့သည် ယနေ့တွင် လေဘေးကယ်ဆယ်ရေးပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရထံသို့ ခွင့်ပြုချက်ရယူရန် ယမန်နေ့က အစိုးရအဖွဲ့ရုံးသို့ သွားရောက် တွေ့ဆုံခဲ့သော်လည်း အစည်းအဝေးများနှင့်မအားဟုဆိုကာ ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူများနှင့် ဆုံတွေ့ခွင့်မရခဲ့ကြောင်း ကိုယ်တော်သဘာဝနဒီက မိန့်ကြားသည်။

"မနေ့က နယ်လုံလက်မှတ်တို့၊ ပြည်နယ်အစိုးရဆီကခွင့်ပြုချက်ရဖို့အတွက် တစ်ရက်လုံး ကြိုးပမ်းခဲ့ကြတယ်။ မနေ့က ကိုယ်တော်တို့ကို စကားပြောခွင့်လည်းမပေးခဲ့ဘူး၊ တွေ့ခွင့်လည်း မပေးခဲ့ဘူး။ သူတို့မှာ အလုပ်ရှုပ်နေတယ်။ မနေ့ကတစ်ရက်တည်းမှာ အစည်းအဝေးလေးခုလောက် လုပ်နေရတယ်ဆိုပြီး ပြောတယ်။ ကိုယ်တော်တို့ကလည်း ဒီနေ့မှာခရီးစဉ်နဲ့ ပုဏ္ဏားကျွန်းထွေအုပ်ဆီက ခွင့်ပြုချက်ရထားတဲ့စာအုပ်နဲ့လာတာပေါ့။ ဒါပေမယ့် ခွင့်မပြုခဲ့ဘူး။ အစကတည်းကနေ ထောက်ခံစာပြပေမယ့် ခွင့်မပြုဘူး။ နောက်နည်းနည်းကြာလာတော့ သူတို့ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ကိုယ်တော်က မီဒီယာတွေကိုခေါ်ပြီးလုပ်လို့လားတော့မသိဘူး။ နောက်တော့ လွှတ်ပေးလိုက်တယ်" ဟုပြောသည်။

 

ယင်းသို့ တားဆီးခံခဲ့ရပြီးနောက် ယနေ့ နေ့လယ် ၁ နာရီကျော်ခန့်တွင်မူ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြီး ဒုက္ခ ရောက်နေကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းနှင့် စမ္ပတီးချောင်းဒေသမှ ကျေးရွာ ၈ ရွာကို တစ်ရွာလျှင် ဆန်အိတ် ၂၅ အိတ်စီ လှူဒါန်းရန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မုန်တိုင်းသင့်ဒေသခံများကို ကယ်ဆယ်ရေးပေးရန်သွားသည်ကို တားဆီးခံရသဖြင့် စိတ်မကောင်းဖြစ်ရပြီး ယနေ့တွင်ဆန်အိတ်များလာရောက်လှူဒါန်းရန် သတင်းပို့ထား၍ အဆိုပါကျေးရွာများမှ စက်လှေများဖြင့် ဆန်အိတ်များ လာသယ်ယူသည့် ဒေသခံများအတွက်လည်း အချိန်တစ်ရက် နစ်နစ်သွားရကြောင်း ကိုယ်တော်သဘာဝနဒီက ဆက်ပြောသည်။

ပြီးခဲ့သည့်မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် နေအိမ် အဆောက်အအုံ ၂ သိန်းကျော်နှင့် လူဦးရေ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ဒေသခံ ၁ ဒဿမ ၆ သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သို့ရာတွင် လက်ရှိအချိန်အထိ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ဒေသခံ တစ်သန်းကျော်အတွက် စစ်ကောင်စီမှ လုံလောက်သည့်အကူအညီများ ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဟု သိရသည်။

မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီပေးနေကြသည့် ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် NGO/INGO အဖွဲ့အစည်းများအပြင် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသခံများမှာ ကူညီထောက်ပံ့မှုလုံလောက်စွာမရရှိသေးဘဲ စားဝတ်နေရေးအခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မုန်တိုင်းဒဏ်သင့်ပြည်သူများက ပြောသည်။ (NN-8)


ဓာတ်ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ