သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဂျပန် နီပွန်ဖောင်ဒေးရှင်းက အပစ်ရပ် EAO (၇)ဖွဲ့ နယ်မြေအတွက် ဆန်အိတ် ၆ သောင်းကျော် ထောက်ပံ့ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 360

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံရှိ အပစ်ရပ် EAO (၇)ဖွဲ့၏ နယ်မြေအတွက် ဆန်အိတ်ပေါင်း ၆ သောင်းကျော်ကို ထောက်ပံ့ခဲ့သည်ဟု  NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)က ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် EAO (၇) ဖွဲ့၏နယ်မြေများအတွက် ဆန်အိတ်ပေါင်း ၆၄,ဝဝဝ ကို မစ္စတာဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းက ၂ဝ၂၂ - ၂ဝ၂၃ ခုနှစ်အတွင်း ဖြန့်ဝေ ပေးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် ဥက္ကဋ္ဌကြီး ဆာဆာကာဝါဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသား ဒေဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းများထောက်ပံ့ခြင်း၊ စာသင်ကျောင်းများ ထောက်ပံ့ခြင်း၊ ဆေးရုံများ ထောက်ပံ့ခြင်း အပြင် လူသားချင်းစာနာမှုအကူအညီများတွင် မိမိတို့ NCA-S EAO (၇)ဖွဲ့၏နယ်မြေများတွင် အခြေခံ ရိက္ခာဆန် ဖြန့်ဝေပေးမှုကို ၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း ဆန်အိတ်ရေ ၆၄,ဝဝဝ ဖြန့်ဝေနိုင်ခဲ့ပါသည်။ ယခုတွင်လည်း ၂ဝ၂၃-၂ဝ၂၄ အတွက် ဆက်လက် ဖြန့်ဝေနိုင်ရန် စီစဉ်လျက်ရှိပါသည်ဟု ဖော်ပြထားသည်။

နီပွန်ဖောင်ဒေးရှင်းက ဆန်ရိက္ခာများထောက်ပံ့ပေးခဲ့သည့် EAO (၇)ဖွဲ့တို့၏နယ်မြေများမှာ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့၏ နယ်မြေများဖြစ်သည်။



EAO (၇)ဖွဲ့အနက် ALP အခြေစိုက်သော ရခိုင်ပြည်နယ်တွင် နီပွန်ဖောင်ဒေးရှင်းထံမှ ခွဲတမ်းရရှိခဲ့သည့် ဆန်အိတ်များကို ၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း စစ်ဘေးရှောင်များနှင့် နွမ်းပါးသည့်ရခိုင်ပြည်သူများအားပုံစံမျိုးစုံဖြင့် ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်  ALP အဖွဲ့ အတွင်းရေးမှူး ခိုင်သူရိန်က နိရဥ္စရာကိုပြောသည်။

ပြည်သူတွေကို ပုံစံမျိုးစုံနဲ့ကျနော်တို့ပေးခဲ့တာရှိတယ်။ ALP နာမည်နဲ့ မဟုတ်ဘဲ ကျနော်တို့ တခြားပုံစံမျိုးနဲ့လှူဒါန်းခဲ့တယ်။ ပေးခဲ့တယ်။ ကျနော်တို့မှာ မှတ်တမ်းတွေလည်း ရှိတယ်။ မှတ်ရာတွေလည်းရှိတယ်။ အဲဒါတွေကို ကျနော်တို့ ဂျပန်အထိ တင်ပြထားပြီးသား။ ကျနော်တို့က ပြည်သူကို ချမပြတာပဲရှိတယ်ဟု ပြောသည်။

ယင်းဆန်အိတ် ၆ သောင်းကျော်အနက် ALP က ဆန်အိတ်အနည်းငယ်သာရရှိခဲ့ပြီး စာရင်း အတိအကျကို လောလောဆယ်ပြော၍အဆင်မပြေသေးဟုလည်း ဆိုသည်။

အလားတူ နီပွန်ဖောင်ဒေးရှင်းကလှူဒါန်းသေ ဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ရခိုင်ရှိ စစ်ဘေးရှောင်များကို ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု စစ်ကောင်စီနှင့် နီပွန်ဖောင်ဒေးရှင်းကြား ဆန်လှူဒါန်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။

ယင်းဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက် ၂ဝ၂၂ ခုနှစ်၊ မေလတွင် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်

ယင်းအချိန်က ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများပြင်းထန်နေသည်ဟုဆိုကာ စစ်ကောင်စီက ဆန်အိတ်များ သွားရောက်လှူဒါန်းမည့်အစီအစဉ်ကို တားမြစ်ခဲ့ပြီး ၆ လအကြာ အောက်တိုဘာလမှ လှူဒါန်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထိုဆန်အိတ် ၅ သောင်းကျော်မှာ EAO (၇)ဖွဲ့တို့၏နယ်မြေများအတွက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းခဲ့သည့် ဆန်အိတ် ၆ သောင်းကျော်ထဲ အကျုံးဝင်မှုရှိ/မရှိဆိုသည်ကို နိရဥ္စရာက သီးခြားအတည်မပြုနိုင်သေးပါ။

ယခုကဲ့သို့ နီပွန်ဖောင်ဒေးရှင်းက အပစ်ရပ် EAO (၇)ဖွဲ့တို့၏နယ်မြေများအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးမှုမှာ ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သည်ဟု ရခိုင်မှ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဥ္စရာကိုပြောသည်။

အထူးသဖြင့် ရခိုင်ပြည်အတွက်ဆိုရင် ရခိုင်ပြည်သူတွေက ဆင်းရဲနွမ်းပါးတယ်ပေါ့လေ။ အထူးသဖြင့် ကျေးလက်မှာ နေထိုင်ကြတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဧရိယာတွေနဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာဆိုရင် သူတို့မှာ ဝင်ငွေတွေနည်းတယ်ပေါ့။ ဝင်ငွေမရှိဘူးပေါ့တချို့ဆိုရင်လည်း။ အဲလိုမိသားစုတွေအတွက်ဆိုရင် ဒီလိုဆန်အိတ် ထောက်ပံ့မှုက ပိုပြီးတေ့ ထိရောက်တယ်ပေါ့လေ။ အကျိုးရှိရှိ အသုံးပြုနိုင်တဲ့လှူဒါန်းမှုဖြစ်တယ်လို့တော့ ပြောချင်ပါတယ်ဟု ပြောသည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါသည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ်အဖြစ် ဂျပန်အစိုးရက တာဝန်ပေးအပ်ထားသူဖြစ်သည်ဟု NCA-S EAO ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ပေးအပ်ထားမှုအပေါ် EAO (၇)ဖွဲ့က ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်နေသည်ဟုလည်း NCA-S EAO က ဆိုသည်။

ယင်းအပြင် မစ္စတာ ဆာဆာကာဝါသည် ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့  ၂ဝ၁၈ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကို ကြားဝင်စေ့စပ် ညှိနှိုင်းပေးထားသူလည်း ဖြစ်သည်။

သူ၏ကြားဝင်ညှိနှိုင်းပေးထားမှုကြောင့် လက်ရှိအချိန်ထိ ရခိုင်တွင် တိုက်ပွဲများ ရပ်စဲလျက်ရှိသည်။ (NN-16)

 

ဓာတ်ပုံ - ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ရခိုင်ရှိ စစ်ဘေးရှောင်များကို နီပွန်ဖောင်ဒေးရှင်းက ဆန်အိတ်များထောက်ပံ့ပေးခဲ့စဉ်။

 

ဓာတ်ပုံ - ဦးဝင်းအောင်

ဆက်စပ် သတင်းများ