သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းတွင် အစစ်အဆေးများတင်းကြပ်နေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

ဆိုင်ကလုန်းမိုခါမုန်တိုင်းအလွန်၌ ပြန်သွားလာခွင့်ရသည့် ၂၂ မိုင် ၆ ဖာလုံ အရှည်ရှိသည့်  ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များက ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် အခက်အခဲ ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ယင်းကားလမ်း၏ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းရှိ ကားလမ်းပေါ် လက်ဝဲစာတိုက် စစ်ဆေးရေးဂိတ်၊ ဖက်ကျကျေးရွာနှင့် ပိန္နဲတောကျေးရွာကြားရှိ စစ်ဆေးရေးဂိတ်နှင့် ပေါက်တောပြင်စစ်ဆေးရေးဂိတ်များကု ဖွင့်လှစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံခရီးသွားတစ်ဦးက ပြောသည်။

"လမ်းကတော့ မိုခါမုန်တိုင်းအလွန်မှာ သွားလာခွင့်တွေရတယ်။ အခုလည်း သွားလာနေကြတယ်။ ဒါပေမဲ့ စကစရဲ့ စစ်ဆေးရေးဂိတ်တွေကတော့ အရင်လို စစ်ဆေးနေတုန်းပါပဲ" ဟု ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ် ၃ ခုက ဒေသအတွင်းသွားလာနေသည့် ခရီးသည်တင် ဒိုင်နာကားများ၊ ဘေးတွဲဆိုင်ကယ်များ၊ ကုန်တင်ကားများနှင့် ဆိုင်ကယ်များကိုပါ စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကားပေါ်ပါလာသည့် ခရီးသည် ကျား/မ အရေအတွက်၊ မှတ်ပုံတင်၊ ယူဆောင်လာသည့် ကုန်ပစ္စည်းအမျိုးအစားများကိုပါ စစ်ဆေးနေသည်ဟု  နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။




"ခရီးသည်တင်ကားတွေဆိုရင်တော့ ကားပေါ်မှာပါလာတဲ့ ကျားနဲ့မ အရေအတွက်တွေ မှတ်ပုံတင်တွေကို စစ်တယ်။ ဆိုင်ကယ်တွေဆိုရင်လည်း ဘောက်ဖွင့်ပြရတယ်။ ကုန်တင်ကားတွေဆို တင်ယူလာတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို စစ်တယ်" ဟု ပြောသည်။

ယင်းအပြင် စစ်ဆေးရေးဂိတ် ၃ ခုအနက် လက်ဝဲစာတိုက်စစ်ဆေးရေးဂိတ်၊ ဖက်ကျကျေးရွာနှင့် ပိန္နဲတောကျေးရွာကြားရှိ စစ်ဆေးရေးဂိတ် ၂ ခုတွင်ဆိုလျှင် ခရီးသည်များကို ကားပေါ်မှဆင်းခိုင်းပြီး စစ်ဆေးမှုများပြုလုပ်သည်ဟု ကားသမားများကပြောသည်။

ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းကို ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်ကတည်းက စစ်ကောင်စီတပ်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါကားလမ်းသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ ဒေသခံကျေးရွာ ၆၀ ခန့် အသုံးပြုနေရသည့် ကားလမ်းဖြစ်ပြီး အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့သည့် အတွက် ဒေသခံများ၏ လူမှုဘဝစီးပွားရေးများ ဆုံးရှုံးခဲ့ရသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန် ရက်ပိုင်းအတွင်းတွင် အဆိုပါကားကိုဖွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များက နေရာယူထားသည့်အတွက် လွတ်လပ်စွာသွားလာခွင့်မရကြသေးဟု ခရီးသွားပြည်သူများက ပြောသည်။ (NN-12)

ဆက်စပ် သတင်းများ