စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာနက အမှုဖွင့်တရားစွဲဆိုထားသည့် ရမ်းဗြဲဒေသခံ ၂ ဦးကို ပထမဆုံးအကြိမ်ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 821

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနက နေအိမ်နှင့် ထမင်းဆိုင်ဖြိုဖျက်ပြီးနောက် ထောင် ၃ နှစ်အထိချမှတ်နိုင်သည့် အိမ်ဥပစာပုဒ်မ ၉(၁)ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၂ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

သူတို့ ၂ ဦးမှာ ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်မှ ဦးအောင်လွင် (၅၇)နှစ်နှင့် သူ၏ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား (၄၀)နှစ်တို့ဖြစ်သည်။

သူတို့ကို ဇူလိုင်လ ၂၁ ရက်၊ နံနက်တွင် ရမ်းဗြဲမြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ်ရုံးချိန်း ခေါ်ယူခဲ့သော်လည်း တစ်စုံတရာစစ်ဆေးခြင်းမရှိဘဲ ဇူလိုင်လ ၂၆ ရက်သို့ ရုံးပြန်ချိန်းလိုက်သည်ဟု ဦးအောင်လွင်၏သား ကိုပြည်ဟိန်းလွင်က နိရဥ္စရာကိုပြောသည်။

“တစ်ခုတောင်မှ မစစ်လိုက်ဘူး။ ဒီအတိုင်း ရုံးခန်းကိုတောင်မဝင်ခဲ့ရဘူး။ ရက်ချိန်းပေးလိုက်တယ်ဆိုပြီး အဖေက ပြောပါတယ်”ဟု ပြောသည်။

သူတို့အနက် ဦးအောင်လွင်တွင် အစာအိမ်ရောဂါဝေဒနာရှိပြီး ဦးမောင်သန်းဌေး(ခ)မောင်ပွားတွင် စိတ်ပုံမှန်မဟုတ်သည့်အခြေအနေဖြစ်နေ၍ ပြင်ပ၌ ဆေးဝါးကုသနိုင်ရန် ဆရာဝန်ထောက်ခံချက် လက်မှတ်ဖြင့် ဇူလိုင်လ ၁၇ ရက်မှစတင်ကာ ရမ်းဗြဲမြို့မရဲစခန်းအချုပ်ခန်းအတွင်းမှ လွှတ်ပေးခြင်းခံထားရသည်ဟု ကိုပြည်ဟိန်းလွင်က ပြောသည်။

ယင်းသို့ ဆေးထောက်ခံစာဖြင့် လွှတ်ပေးထားသော်လည်း သူတို့၏ပုဒ်မ ၉(၁)အမှုကို ပြင်ပမှ ဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်သည်။

သူတို့ ၂ ဦးအနက် ဦးအောင်လွင်သည် ရမ်းဗြဲမြို့၏ အချက်အချာကျသည့် အမှတ်(၃)ရပ်ကွက်၊ စိုးမဲကျီလမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ရဝ ကျော်ရှိသည့်မြေတွင် နေအိမ်နှင့်အတူတွဲ၍ ထမင်းဆိုင်ရောင်းချနေသူဖြစ်သည်။

အဆိုပါဆိုင်နှင့် နေအိမ်တို့သည် ပြီးခဲ့သည့်ဇူလိုင်လ ၃ ရက်၊ နံနက် ၁၁ နာရီခွဲတွင် ရဲ၊ မီးသတ်၊ စည်ပင်၊ ဆောက်လုပ်ရေးစသည့် ဌာနဆိုင်ရာများမှ အင်အား ၁ဝဝ ခန့်က လာရောက်ကာ အင်အားသုံးဖြိုဖျက်ခြင်းကို ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းသို့ ဖြိုဖျက်နေမှုကို အိမ်ပိုင်ရှင်ဦးအောင်လွင်နှင့်အတူတားဆီးခဲ့သည့် ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွားတို့နှစ်ဦးသည် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

သူတို့သည် နောက်တစ်နေ့ ဇူလိုင်လ ၄ ရက်မှစတင်ကာ လမ်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ပြီး ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ရာဥပစာနှင်ထုတ်ခြင်းအက်ဥပဒေပုဒ်မ ၉(၁)ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင် အမှုဖွင့်ခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။

အမှုဖွင့်ခံလိုက်ရသည့်ပုဒ်မ ၉(၁)မှာ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေကျပ် တစ်သိန်းမှ ငါးသိန်းကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရသည်။

ယင်းနေ့က ဖြိုဖျက်ခံလိုက်ရသည့် ဦးအောင်လွင်၏ခြံမြေကို လာဖြိုသူများက မကျူးကျော်ကြရန် တားမြစ်ကာ ခြံခတ်သွားခဲ့ကြသည့်အတွက် လက်ရှိတွင် ဦးအောင်လွင်နှင့်အတူ မိသားစုဝင်များသည် ဆွေမျိုးများထံတွင် ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။

ယင်းခြံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက အထောက်အထားတစ်စုံတစ်ရာမပြနိုင်ဘဲ သူတို့ဌာနကပိုင်ဆိုင်သည်ဟုဆိုကာ အကြိမ်ကြိမ်တောင်းဆိုခြင်းခံနေရသည့်ခြံဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း အဆိုပါမြေနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက နေအိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာမပြနိုင်ခဲ့၍ တရားရုံးက အဆိုပါတရားစွဲဆိုမှုအား ပယ်ချခဲ့ရသည်ဟုလည်း သိရသည်။ (NN-16)

ဆက်စပ် သတင်းများ