သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်တွေထောင်မှ ၃၃ ဦး၊ သံတွဲထောင်မှ ၁ ဦးနှင့် ကျောက်ဖြူထောင်မှ ၅ဝ ကျော်လွတ်မြောက်ဟု ကနဦး သိရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 621

ရခိုင်ပြည်နယ်အတွင်း ယနေ့ ညနေပိုင်းအထိ စစ်တွေထောင်မှ ၃၃ ဦး၊ သံတွဲထောင်မှ ၁ ဦးနှင့် ကျောက်ဖြူထောင်မှ ၅ဝ ကျော်လွတ်မြောက်သွားပြီဟု ကနဦး သိရသည်။

စစ်တွေထောင်မှ လွတ်မြောက်သူ ၃၃ ဦးအနက် ၃၂ ဦးမှာ နိုင်ငံရေးနှင့်မဆက်စပ်ဘဲ အခြား ပြစ်မှုများကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသူများဖြစ်သည်ဟု သိရသည်။

ကျန် ၁ ဦးမှာမူ သတင်းဌာနတစ်ခုကို  ပလက်၀မြို့တွင် စစ်တပ်က အလံဖြူထောင်သည်ဟု ပြောဆိုမှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင် (၃၈)နှစ်ဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကိုပြောသည်။

“စစ်တွေထောင်ထဲမှာတော့ ၁၇(၁)တို့၊ ၅ဝ၅(က)တို့နဲ့ရှိနေသူက ၂ဝ၊ ၃ဝ လောက်ရှိမယ်။ အဲဒီထဲမှာမှ တစ်ယောက်တည်းလွတ်တယ်ဆိုတော့ လွတ်ငြိမ်းချမ်းသာခွင့်လို့သာ ပြောတာ။ သူတို့မှာ လက်နက်ကိုင်တွေနဲ့ ဆက်စပ်လို့ ဖမ်းဆီးထားတဲ့သူတွေကို ထောင်တို့၊ အချုပ်ထောင်တို့မှာ တရားစွဲဆိုထားတဲ့သူတွေကိုလည်း ပြစ်မှုက ကင်းလွတ်ပေးဖို့ဆိုပြီးပါတယ်။ အဲလိုဆိုတော့ သူတို့တွေမလွတ်ဘဲနဲ့ ရိုးရိုးလူတွေပဲ လွတ်တယ်ဆိုတော့ သူတို့က အပြောနဲ့အလုပ်မညီဘူးလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ကိုတင်ထွန်းအောင်သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသော်လည်း မိသားစုက ဇူလိုင်လတွင် ပလက်ဝမြို့နယ်တရားရုံး၌ အယူခံ ဆက်လက်လျှောက်ထားရာ ထောင်ဒဏ် ၁ နှစ် လျှော့ပေါ့ခံစားရန် အမိန့်ချမှတ်ခဲ့၍ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

သို့ရာတွင် လျှော့ပေါ့ကျခံခဲ့ရသည့် ထောင်ဒဏ် ၁ နှစ်ကို ကိုတင်ထွန်းအောင်နှင့် သူ၏မိသားစုတို့ထံ ဆင့်စာမပို့ဘဲ ချင်းပြည်နယ်၊ ဟားခါးတရားရုံးတွင် တရားလိုဘက်က ပြင်ဆင်မှုတက်ပြီး တရားရုံးက ၁ နှစ် ထပ်တိုး အမိန့်ချမှတ်ခဲ့သည့်အတွက် ထောင်ဒဏ် ၃ နှစ်ကို ချမှတ်ခံခဲ့ရသူဖြစ်သည်။

ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေ ဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား ရခိုင်အခြေစိုက် Western News သတင်းဌာနသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်၏ တရားစွဲထောင်ချခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

သူသည် ယနေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးထဲတွင် AA အဖွဲ့ဝင်အဖြစ် တစ်ဦး လွတ်မြောက်လာခဲ့သည်။ ၎င်းလွတ်မြောက်လာသူမှာ ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ဦးအောင်နိုင်မြင့်ဖြစ်ပြီး ၎င်းသည် သံတွဲထောင်မှ လွတ်မြောက်လာသည်ဟု ဦးမြတ်ထွန်းက ပြောသည်။

ကျောက်ဖြူထောင်မှလွတ်မြောက်လာသူ ၅ဝ ကျော်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှ ပါဝင်မှု မရှိဟုလည်း မြို့ခံများက ပြောသည်။

ဘူးသီးတောင်အကျဉ်းထောင်မှ မည်သည့်နှစ်ဦးလွတ်မြောက်လာသည်ဆိုသည်ကို လောလောဆယ် မသိရသေး၍ နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီက ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း ကျခံနေရသည့် ထောင်ပြစ်ဒဏ်များကို လျော့ပေါ့ပေးခဲ့သည်။

ယင်းအပြင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကိုလည်း ပိတ်သိမ်း၍ အမှုမှ လွှတ်ပေးခဲ့သည်။

နိုင်ငံခြားသား အကျဉ်းသူ/သား ၁၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင် ဒဏ်ပေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ (NN-16, NN-12)

ဓာတ်ပုံ - စစ်တွေအကျဉ်းထောင်ရှေ့အား သြဂုတ်လ ၁ ရက်၊ နေ့လယ်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ