အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

မြေပုံမြို့တွင် နေအိမ် ၃ လုံးကိုဖယ်ရှားခံရ၊ နေအိမ်ပိုင်ရှင်တချို့ကို ဖမ်းဆီးပြီး အာမခံနှင့်ပြန်လွှတ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 922

ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မြို့ပတ်လမ်းအနီးတည်ရှိသည့် ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဟောင် ဦးမြသန်းပိုင် မြေနေရာထဲတွင် ဆောက်လုပ်နေထိုင်သည်ဟုဆိုကာ နေအိမ် ၃ လုံးကို အင်အားသုံးဖယ်ရှားခဲ့ပြီး နေအိမ်ပိုင်ရှင်တချို့ကိုဖမ်းဆီးကာ အာမခံနှင့် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါနေအိမ်များကို ဩဂုတ်လ ၁၀ ရက်က ရဲတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်ဖြင့် လာရောက် ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသည့် ဒေါ်မအောင်နုအပါအဝင် နေအိမ်ပိုင်ရှင်တချို့ကို အာမခံနှင့်ပြန်လွှတ်ပေးခဲ့ကြောင်း မြို့ခံများက ပြောသည်။

မြေပုံမြို့ခံ အမျိုးသားတစ်ဦးက "နေအိမ်တွေကို ဖယ်ရှားတယ်ဆိုတာကတော့ မှန်ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်လောက်က လာဖျက်သွားတာပါ။ နေအိမ်သုံးလောက်လောက်ကို ဖယ်ရှားတာလို့ သိရပါတယ်။ ဖမ်းသွားတဲ့အိမ်ပိုင်ရှင်တချို့ကိုတော့ အာမခံနဲ့ပြန်လွှတ်ပေးထားပြီလို့ သိရပါတယ်" ဟု နိရဥ္စရာသို့ပြောသည်။

အဆိုပါမြေကို မြေပိုင်ရှင်ဦးမောင်ထွန်းရင်နှင့် ဒေါ်ဒါခိုင်ဖြူတို့ထံမှ ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးမြသန်းက လွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်က ကျပ်ငွေ ၂၀၀ ဖြင့် စာချုပ်စာတမ်းချုပ်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

ယခင်ပိုင်ရှင် ဒေါ်ဒါခိုင်ဖြူလက်ထက်ကပင် အဆိုပါမြေတွင် နေအိမ်ပိုင်ရှင်များမှာ အိမ်ဆောက် လုပ်နေထိုင်ခဲ့ခြင်းဖြစ်ပြီး နေရာမှဖယ်ရှားပေးရန် ဒေါ်ဒါခိုင်ဖြူက တရားရုံးတွင်တိုင်ကြားခဲ့ပြီး တရားရင်ဆိုင်ခဲ့သေးသည်ဟု မြို့ခံများထံမှ သိရသည်။

ယင်းနောက် ဒေါ်ဒါခိုင်ဖြူထံမှ ဦးမြသန်းအားရောင်းချပြီးနောက် ၂၀၁၈ ခုနှစ်ခန့်တွင် ဦးမြသန်းက မြေယာအမှုနှင့်တရားရုံးတွင် ထပ်မံစွဲတင်ရာ ၂၀၂၀ ပြည့်နှစ်ခန့်တွင် တရားရုံးက မြေပိုင်ရှင် ဦးမြသန်းအား အနိုင်ပေးခဲ့သည်ဟု မြို့ခံတဦးက နိရဥ္စရာသို့ပြောသည်။


နောက်ထပ်မြေပုံမြို့ခံအမျိုးသားတစ်ဦးက "အရင်မြေပိုင်ရှင်လက်ထက်ကပဲ တရားရုံးမှာ တရားတဘောင်တွေ ဖြစ်လာတာ။ နောက်ပိုင်း ဦးမြသန်းကို ပြန်ရောင်းလိုက်ပြီး ထပ်ပြီးတရားရုံးမှာ အမှုဖြစ်တော့ တရားရုံးက ဦးမြသန်းကိုအနိုင်ပေးခဲ့တယ်" ဟု ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်ကပင် အိမ်ပိုင်ရှင်များအား အဆိုပါမြေနေရာမှဖယ်ရှားပေးရန် ပြောဆိုသတိပေးလာခဲ့ပြီး ယခုဩဂုတ်လအတွင်းတွင် ရုတ်တရက်အင်အားသုံးဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း "ကျွန်တော်တို့သိထားရသလောက်ကတော့ အဲဒီမြေကို ဦးမြသန်းက အရင်မြေပိုင်ရှင်ဆီကဝယ်တယ်။ သူ့မြေပေါ်မှာအိမ်ဆောက်နေတဲ့သူတွေနဲ့ တရားတဘောင်ဖြစ်ပြီးတော့ တရားရုံးမှာအနိုင်ရတယ်လို့ သိထားရပါတယ်" ဟု နိရဥ္စရာသို့ပြောသည်။

မြေယာဥပဒေအရ တရားရုံးကဆုံးဖြတ်သည့်အတိုင်း ဆောင်ရွက်သည်ဆိုသော်လည်း လက်ရှိဝါတွင်းကာလတွင် နေအိမ်များကိုအတင်းဖယ်ရှားလိုက်ခြင်းကြောင့် နေအိမ်ပိုင်ရှင်များမှာ အခက်အခဲရှိနိုင်ကြောင်း မြေပုံမြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

"ဥပဒေကြောင်းအရလုပ်တယ်ဆိုပေမယ့်လည်း အခုဝါတွင်းကာလမှာက အိမ်အသစ် ဆောက်လို့ရတာလည်း မဟုတ်ဘူး။ အတင်းဖယ်ရှားပစ်လိုက်တော့ လူတွေနေစရာမရှိဘဲ အခက်အခဲကြုံရနိုင်တယ်လေ"ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖယ်ရှားခံခဲ့ရသည့်အိမ်ပိုင်ရှင်များနှင့် မြေပိုင်ရှင် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြသန်းအား နိရဥ္စရာသတင်းဌာနက ဆက်သွယ်လုပ်သော်လည်း ဆက်သွယ် မရရှိခဲ့ပါ။  

 

Photo - Facebook

ဆက်စပ် သတင်းများ