ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

တောင်ကုတ်တွင် နာမကျန်းဖြစ်နေသည့် အမျိုးသမီးတစ်ဦး လမ်းဘေးတွင် စွန့်ပစ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် နာမကျန်းဖြစ်နေသည့် အမျိုးသမီးတစ်ဦး ယမန်နေ့ နိုဝင်ဘာလ ၁ ရက်က တောင်ကုတ်တက္ကသိုလ်အနီး လမ်းဘေးတွင် စွန့်ပစ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

စွန့်ပစ်ခံရသည့် အမျိုးသမီးမှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ဇာတိဖြစ်ပြီး အသက်(၄၇) နှစ်အရွယ် ဒေါ်မသန်းနွယ်ဖြစ်ကြောင်း သိရသည်။

သူမသည် တောင်ကုတ်မြို့နယ်၊ ရွှေညောင်ညို(ဖုန်ညို)ကျေးရွာမှ အသိမိတ်ဆွေများထံ သီတင်းမကျွတ်ခင် နှစ်ရက်ခန့်က အလည်ရောက်ရှိနေခြင်းဖြစ်ပြီး ရုတ်တရက် ကျန်းမာရေး ဆိုးဝါးလာ၍ လာရောက်စွန့်ပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း သွားရောက် ကူညီကယ်ဆယ်ထားခဲ့သည့် တောင်ကုတ်မြို့၊ ဗြဟ္မစိုရ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆရာတော်ဦးပုညနန္ဒက မိန့်ကြားသည်။

"တောင်ကုတ်ဖုန်ညိုရွာမှာ သူ့မိတ်ဆွေတွေရှိလို့ သီတင်းမကျွတ်ခင်က အလည်လာခဲ့တာလို့ ပြောပါတယ်။ နေထိုင်မကောင်းဖြစ်လာတာနဲ့ လာပြီးစွန့်ပစ်သွားကြတာလို့ သိရပါတယ်"ဟု မိန့်ကြားသည်။

သူမအား ယမန်နေ့နိုဝင်ဘာလ ၁ ရက်တွင် အိန္ဒိယသုံးဘီး(တုတ်တုတ်ချေ)နှင့်သယ်ဆောင်လာကာ သူမ၏ အဝတ်အစားထုတ်များနှင့်အတူ တောင်ကုတ်တက္ကသိုလ်ဂိတ်ဝင်ပေါက်(၃) ရှေ့ မြေကွက်လပ်တွင် စွန့်ပစ်ထားကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ထိုအမျိုးသမီးစွန့်ပစ်ခံထားရသည်ကို ယနေ့နိုဝင်ဘာလ ၂ ရက်မနက်ပိုင်းက တွေ့ရှိခဲ့သည့် မြို့ခံတစ်ဦးက ဆက်သွယ်လာ၍ တောင်ကုတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာဇင်အောင်လင်း၊ တောင်ကုတ်ရဲစခန်းဒုရဲအုပ်တို့နှင့်သွားရောက်၍ အဆိုပါအမျိုးသမီးအား ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ဆရာတော်က မိန့်ကြားသည်။

အဆိုပါအမျိုးသမီးတွင်ပါရှိလာသည့် မှတ်ပုံတင်နှင့် အမျိုးသမီး၏ပြောပြချက်အရ ကမ်းထောင်းကြီးမှဆွေမျိုးများနှင့်အဆက်သွယ်ရရှိခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

လက်ရှိတွင် စွန့်ပစ်ခံရသည့် နာမကျန်းဖြစ်နေသူအမျိုးသမီးအား တောင်ကုတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနိုင်ရန်စီစဥ်ထားပြီး ဆေးကုသစရိတ်ကိုလည်း ဗြဟ္မစိုရ်ဖောင်ဒေးရှင်းက ကုန်ကျခံမည်ဟု ဆရာတော်ဦးပုညနန္ဒက နိရဉ္စရာသို့မိန့်ကြားသည်။

ရခိုင်တွင် မွေးကင်းစကလေးများကိုစွန့်ပစ်မှု၊ မကျန်းမာသည့်သက်ကြီးရွယ်အိုများကို စွန့်ပစ်မှုဖြစ်စဥ်များ ပိုမိုများပြားလာကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေကမ်းခြေသဲသောင်ပြင်တစ်နေရာတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်တစ်ဦး၏ အလောင်းအား ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်၊ နံနက်ပိုင်းက တွေ့ရှိခဲ့သည်။ (NN-23)

ဓာတ်ပုံ - စွန့်ပစ်ခံရသူအမျိုးသမီးအား ယနေ့မနက်ပိုင်းက သွားရောက်ကယ်ဆယ်ခဲ့စဥ်/ ဦးပုညနန္ဒ

ဆက်စပ် သတင်းများ