ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် ဓားပြတိုက်လူသတ်မှုကျူးလွန်သည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ၃ လကြာအထိ ရဲလက်ကို မလွှဲပြောင်းပေးသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 748

တောင်ကုတ်မြို့တွင် ဓားပြတိုက်လူသတ်မှုကျူးလွန်ခဲ့သည့် စစ်သားနှစ်ဦးကို စစ်ကောင်စီတပ်က  ၃ လကြာသည် အထိ ရဲလက်ကို မလွှဲပြောင်းပေးသေးကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်ညဉ့်အချိန်က ခမရ ၃၄၆ မှ တပ်သားဝင်းထွန်းလွင်နှင့် တပ်သားကောင်းမြတ်အောင်တို့ နှစ်ဦးသည်  တောင်ကုတ်မြို့မှ မွေးမြူရေး ကြက်ခြံမှ စီးပွားရေးလုပ်ငန်းရှင် ဦးစံသိန်းအောင်အား မော်တော်ဆိုင်ကယ်နှင့် အိမ်သို့ အပြန်တွင် သတ်ဖြတ်ပြီး ပါလာသည့် ဖုန်းနှင့် ဆိုင်ကယ်ကို လုယက်ယူဆောင်သွားခဲ့သည်။

၎င်းနောက် ဦးစံသိန်းအောင်ပိုင် ဖုန်းနှင့် ဆိုင်ကယ်စသည့် သက်သေခံ ပစ္စည်းများနှင့် အတူ တောင်ကုတ်အခြေစိုက် ခမရ ၃၄၆ မှ တပ်သား ဝင်းထွန်းလွင်နှင့် တပ်သားကောင်းမြတ်အောင်တို့ နှစ်ဦးကို တောင်ကုတ်မြို့ခံများက လက်ပူးလက်ကြပ်ဖမ်းမိပြီး ရဲစခန်းသို့ အပ်နှံခဲ့သည်။   

၄င်းတို့အား ဖမ်းမိပြီးနောက် ရဲစခန်းကနေ စစ်ကောင်စီတပ် ခမရ ၃၄၆ တပ်ရင်းသို့ ပြန်လည်ခေါ်ဆောင်သွားပြီး တပ်တွင်းအရေးယူမှုလုပ်ပြီးမှ ရဲစခန်းသို့ ပြန်လည် လွှဲပြောင်းပေးမည်ဟု ပြောဆိုခဲ့သည်ဟု  သေဆုံးသူ၏ မိသားစုဝင်များက  ပြောဆိုထားသည်။




သို့ရာတွင် လက်ရှိ ၃ လကျော်အကြာထိ ရဲလက်သို့လွှဲပြောင်းပေးခြင်း မရှိသေးသလို တပ်တွင်းမည်သို့ အရေးယူဆောင်ရွက်နေသည်ကိုလည်း မသိရှိရကြောင်း ဦးစံသိန်းအောင်၏မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။

"ရဲစခန်းကိုပြန်လွှဲပေးမယ်လို့ပြောခဲ့တာရှိတယ်။အခုထိတော့ မလွှဲသေးဘူး။ တပ်တွင်းမှာ ဘယ်လိုအရေးယူနေတယ်ဆိုတာလည်း ဘာတစ်ခုမှတော့ သိထားရတာမရှိဘူး။ ဒီလူသတ်မှုနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုလည်း မရှိဘူး" ဟု သူကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်တွင်တကြိမ်၊ ဒုတိယပတ်တွင်တကြိမ် ဦးစံသိန်းအောင်၏ မိသားစုနှင့်သက်သေများကို ခမရ ၃၄၆ တပ်တွင်းသို့ခေါ်ယူ၍ အမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းပြီးထွက်ဆိုချက်များကို ယူခဲ့သော်လည်း အမှုနောက်ဆက်တွဲ မည်သို့ ဖြစ်နေသည်ကို မိသားစုများအနေဖြင့် တစ်စွန်းတစ်စ မသိရှိရဟု ဆိုသည်။

ယင်းနောက် အောက်တိုဘာလ နောက်ဆုံးပတ်တွင် စစ်ကောင်စီတပ်သား ကောင်းမြတ်အောင်က လုယက်ထားသည့် ဦးစံသိန်းအောင်၏ဆိုင်ကယ်ကို ရောင်းချခဲ့သော ငွေ ၁၀ သိန်းခွဲကျပ်အား တပ်က မိသားစုအား  အစားပြန်လျော်ပေးခဲ့သည်ဟု ဆိုသည်။

တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက် ၊တာဝတိသာလမ်းမှ ဥစားကြက်ခြံပိုင်ရှင် ဦးစံသိန်းအောင်သည် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ညဥ့် အချိန်က အိမ်သို့ ဆိုင်ကယ်ဖြင့် အပြန်တွင် တောင်ကုတ်တက္ကသိုလ်အနီးရှိ ဌာနပေါင်းစုံစစ်ဆေးရေး ဂိတ်နှင့်မလှမ်းမကမ်းတွင် ၎င်းစစ်သားနှစ်ဦး၏ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဆိုင်ကယ်နှင့်ဖုန်းတို့လုယူခံခဲ့ရသည်။



အဆိုပါလူသတ်မှုတွင် တောင်ကုတ်မြို့ ခမရ ၃၄၆ မှ တပ်သား ဝင်းထွန်းလွင် ဆိုသူကို ဦးစံသိန်းအောင် အသတ်ခံရပြီးနောက် ဩဂုတ်လ ၂ ရက်က ဦးစံသိန်းအောင်၏ ဖုန်းကို တောင်ကုတ်မြို့ပေါ်မှဖုန်းဆိုင်တစ်ဆိုင်တွင် Lock လာဖြည်စဥ် ရဲကဖမ်းဆီးမိခဲ့သော်လည်း စစ်ကောင်စီတပ်ကတပ်တွင်းသို့ ပြန်ခေါ်ယူသွားခဲ့သည်။

နောက်ထပ်ကျူးလွန်သူဟုယူဆရသည့်  ခမရ ၃၄၆ မှ စစ်ကောင်စီတပ်သား ကောင်းမြတ်အောင်ဆိုသူကိုလည်း ပြီးခဲ့သည့်စက်တင်ဘာလ ၂၇ ရက်က ဦးစံသိန်းအောင်၏ဆိုင်ကယ်ကို လာရောက်ရောင်းချရာကနေတဆင့် မိသားစုဝင်များနှင့် မြို့ခံများ၏စုံစမ်းမှုဖြင့် ဖမ်းဆီးမိပြီး ရဲလက်ကို အပ်ခဲ့သော်လည်း ညတွင်းချင်းပင် စစ်တပ်ထဲသို့ပြန်ခေါ်ယူသွားကြောင်း ဦးစံသိန်းအောင်၏ မိသားစုဝင်များကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးကို လက်ရှိအချိန်ထိရဲလက်သို့ လွှဲပြောင်းပေးခြင်းမရှိသေးသဖြင့် အပြစ်တစ်စုံတရာ မပေးဘဲ အမှုကို ဖျောက်ဖျက်ကာ ရှေ့တန်းကို ပို့လွှတ်ပစ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဟု သိရှိရသည်။

ပုံစာ- လူသတ်တရားခံ စစ်ကောင်စီတပ်သားနှစ်ဦးနှင့် သေဆုံးခဲ့ရသူ ဦးစံသိန်းအောင်

ဆက်စပ် သတင်းများ