တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရေတပ်ဇက်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်၍ ရွာသားတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးရွာတစ်ခု တွင် စစ်ကောင်စီ ရေတပ်ဇက်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေတပ်ဇက်ရေယာဉ်က ကုလားတန်မြစ် အရှေ့ဘက် မြောက်ဦးမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ယနေ့ (နိုဝင်ဘာ ၂၂ရက်) ည ၉နာရီ အချိန်ခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ လေညှင်းသာကျေးရွာအတွင်းသို့  လက်နက်ကြီးကျည်ကျရောက်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောကြားသည်။

" အိမ်ထဲမှာ တီဗီကြည့်နေရင်း လက်နက်ကြီးကျလာတာ။ ဦးခေါင်းပွင့်ထွက်သွားပြီးတော့ ပွဲချင်းပြီး   သေသွားပါတယ်"ဟု ၎င်းက ပြောသည်။

သေဆုံးသွားသူမှာ အသက် ၆၇နှစ်အရွယ် ဦးကျော်သူဖြစ်ကြောင်း၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီ ဇက်ရေယာဉ်သည်   နိုဝင်ဘာ ၂၂ရက်နေ့  နံနက် ၁၁ခွဲခန့်က စပြီး ညနေအချိန်ထိ  ကုလားတန်မြစ် အရှေ့ဘက်မှ ကျေးရွာများသို့ လက်နက်ကြီး/ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်ဟု ညောင်ပင်လယ်‌ ကျေးရွာသားတစ်ဦးက နိရဉ္စရာကိုပြောသည် ။

"မနေ့ကလည်း ရွာတွေကို ပစ်တယ်။ စစ်တွေဘက်က အဲဒီ ဇက်ရေယာဉ် တက်လာတယ်။ ကုလားတန် မြစ်ကြောင်းအတိုင်းသွားတယ်ပြီးတော့ ညောင်ပင်လယ်ကနေ ကျောက်ဆိပ်ဘက်ကို လှမ်းပစ်ခဲ့တယ်။ ပြီးတော့ကျောက်တော်ဘက်ကိုဆက်တက်သွားတယ်” ဟု ပြောဆိုသည်။

ယင်းသို့ပစ်ခတ်မှုကြောင့်လေညှင်းသာရွာ၊ ချောင်းဖီလာရွာ၊ စက်သားရွာဘက်မှဒေသခံများလည်း တိုက်ပွဲရှောင်နေရကြောင်းသိရသည်

စစ်ကောင်စီတပ်သည် ရခိုင်ပြည်တွင်  တိုက်ပွဲဖြစ်သည့်နေရာများတွင်သာမက တိုက်ပွဲမဖြစ်သည့် မြို့ ၊ ကျေးရွာများသို့ပါ လက်နက်ကြီးငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် (၈) ရက်အတွင်း အရပ်သား (၁၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၅၀)ဦးရှိကာ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော်အထိရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက နိုဝင်ဘာ ၂၁ ရက်နေ့က နိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။(NN-11)  

ဆက်စပ် သတင်းများ