တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးကို အပြီးသတ်အမိန့်ချမှတ်ရမည့်ရုံးချိန်းတွင် အမိန့်မချဘဲ ရုံးပြန်ချိန်း


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 632

စစ်တွေဆန်ပြသနာနေ့ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတက်ရောက်မှုကြောင့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကို ယနေ့ရုံးချိန်းတွင် အမိန့်ချမှတ်ရမည်ဖြစ်သော်လည်း အမိန့်မချမှတ်ဘဲ ရုံးပြန်ချိန်းလိုက်ကြောင်း သိရသည်။

ဒေါ်ညိုအေးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်က စစ်တွေမြို့နယ်တရားရုံးတွင်ရုံးထုတ်ခဲ့ပြီး ယနေ့ဖေဖော်ဝါရီလ ၅ ရက်တွင် အမိန့်ချမှတ်ရန်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ယနေ့ရုံးထုတ်ရာတွင် အမိန့်ချမှတ်ရမည်ဖြစ်သော်လည်း အထက်ကိုတင်ပြစရာရှိသေးသည်ဟု တရားရုံးဘက်ကအကြောင်းပြပြီး ဖေဖော်ဝါရီလ ၁၃ ရက်သို့ရုံးချိန်းရက်ရွှေ့လိုက်ကြောင်း ဒေါ်ညိုအေး၏မိသားစုဝင်တစ်ဦးက ပြောသည်။

" ဒီနေ့အမိန့်ချမှတ်မယ်ဆိုပြီး မချပါ။ နောက်အပတ် ၁၃ ရက်နေ့ကိုပြန်ချိန်းလိုက်ပါတယ်။ အထက်ကိုတင်ပြရမယ်တဲ့" ဟု ဒေါ်ညိုအေး၏မိသားစုဝင်က ပြောသည်။

ဒေါ်ညိုအေးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ​ဩဂုတ်လ ၁၃ ရ​က်က စစ်တွေတွင် ရခိုင်ပြည် ကျောင်းသားသမဂ္ဂက ပြုလုပ်သည့် (၅၆)နှစ်မြောက်ဆန်ပြသနာနေ့ အခမ်းအနားကို တက်ရောက် အမှာစကားပြောကြား၍ဟုဆိုကာ စစ်ကောင်စီက ဩဂုတ်လ ၁၅ ရက်တွင်ဖမ်းဆီးခဲ့သည်။

ယင်းသို့ဖမ်းဆီးပြီးနောက် သူမကို ပုဒ်မ ၅၀၅(ခ) ဖြင့် စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းမှူးက တရားလို ပြုလုပ်တရားစွဲဆိုခဲ့ပြီး စစ်တွေထောင်ချုပ်ကိုရွှေ့ပြောင်းခဲ့ကာ စက်တင်ဘာလ ၂၅ ရက်ရုံးချိန်းတွင် ပုဒ်မ ၅၀၅(က) ဖြင့်ပြောင်းလဲစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ယင်းမတိုင်ခင် စက်တင်ဘာလ ၁၈ ရက် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးနေစဉ် သွေးတိုးနေသည့်အတွက် တရားရေးတာဝန်ရှိသူများက စစ်တွေဆေးရုံ အရေးပေါ် ပို့ဆောင်ခဲ့ရသေးသည်။

သွေးတိုးနှင့်ဆီးချိုရောဂါအခံရှိသူ အသက်(၆၇)နှစ်ကျော်အရွယ်ဒေါ်ညိုအေးမှာ ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက ရောဂါအ​ခြေအနေဆိုးရွားလာ၍ အစိုးရဆေးရုံနှင့် ပြင်ပဆေးခန်းများတွင် ကုသခွင့်ရရှိရန်တောင်းဆိုခဲ့သော်လည်း ဆေးကုသခွင့်မရရှိခဲ့ဟု မိသားစုဝင်များ၏ပြောပြချက်အရသိရသည်။

ယင်းနောက်ပိုင်းတွင်လည်း ဒေါ်ညိုအေးဆေးရုံတက်ကုသခွင့်မပေးခဲ့ဘဲ စစ်တွေအကျဥ်းထောင်တွင် ဆရာဝန်များက ဆေးကုသပေးနေသည်ဟု အကျဥ်းထောင်တာဝန်ရှိသူများက မိသားစုကို ပြောဆိုခဲ့သည်။

ဒေါ်ညိုအေးကိုစွဲဆိုထားသည့် ပုဒ်မ ၅ဝ၅(က)သည် အမည်ခံ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်း ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော် လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်း ရှိလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဟုလည်း သိရသည်။(NN-23)

ဆက်စပ် သတင်းများ