သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားဆိုင်ရာအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့သဖြင့် ဖမ်းဆီးခံထားရသည့် ဒေါ်ညိုအေးကို ပုဒ်မ ၅ဝ၅(ခ)အစား ပုဒ်မ ၅ဝ၅(က)ဖြင့် ပြောင်းလဲတရားစွဲ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 977

ရခိုင်အမျိုးသားရေးဆိုင်ရာ အခမ်းအနား တစ်ခုဖြစ်သည့် ဩဂုတ် ၁၃ စစ်တွေဆန်ပြဿနေ့ အခမ်းအနားကို တက်ရောက်ခဲ့သဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို  ယခင်က စွဲဆိုထားသည့် ပုဒ်မ ၅ဝ၅(ခ)အစား ပုဒ်မ ၅ဝ၅(က)ဖြင့် ပြောင်းလဲတရားစွဲဆိုလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

 

ပုဒ်မ ၅ဝ၅(က)သည် အမည်ခံ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော် လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဟုလည်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်ရုံးက စစ်တွေမြို့နယ်တရားရုံး ရုံးချိန်းတွင် ပုဒ်မ ၅၀၅ (ခ) အစား ပုဒ်မ ၅၀၅ (က)သို့ ပြောင်းလဲစွဲဆိုထားခြင်းဖြစ်သည်ဟု ဆိုသည်။

 

ရခိုင်မှ တရားလွှတ်တော်ရှေ့နေ တစ်ဦးက “ဒီပုဒ်မနှစ်ခုလုံးက ပြန်ပြင်ဆင်ချက်အရ အာမခံမရနိုင်ပါဘူး”ဟု နိရဥ္စရာကို ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်ရုံးချိန်းက ဒေါ်ညိုအေးအမှုတွင် တရားလိုပြသက်သေများထဲမှ စခန်းမှူးတစ်ဦးနှင့် စရဖတစ်ဦးတို့ကို စတင်စစ်ဆေးခဲ့ပြီး လာမည့် အောက်တိုဘာလ ၉ ရက်ကို ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

 

ယခင် ဒေါ်ညိုအေးကို စတင်ဖမ်းဆီးစဉ်က စွဲဆိုထားသည့် ပုဒ်မ ၅ဝ၅(ခ)သည် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန်အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင်အမျိုးသမီး ကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့ ၏ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးပြီးနောက် စစ်တွေမြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

ထိုသို့ရုံးထုတ်ခဲ့ရာတွင်လည်း ဒေါ်ညိုအေးကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးဘဲ တရားခွင်အနီးတွင် လုံခြုံရေးတင်းကျပ်ထားသဖြင့် မိသားစုဝင်များမှာ အနီးအနားသို့ပင် ကပ်ခွင့်မရဟု ဒေါ်ညိုအေး၏သမီး မစောမြသန္တာက ဆိုသည်။

လက်ရှိတွင် ဒေါ်ညိုအေး၏ကျန်းမာရေးအခြေအနေမှာ သွေးတိုးရောဂါအပြင် ဆီးချိုရောဂါမှာလည်း မြင့်တက်နေသည့်အတွက် အစိုးရဆေးရုံနှင့်ပြင်ပဆေးခန်းများတွင်ပြသခွင့်ရရှိရန် တောင်းဆိုသော်လည်း ဆေးကုသခွင့်မရရှိသေးကြောင်း နိရဥ္စရာသို့ပြောသည်။

"သွေးတိုးလာရင် သွေးကျဆေးနည်းနည်းသောက်တယ်။ အပြင်ကနေ သံပုရာသီးတို့ သြဇာရွက်တို့ကိုပို့ပေးတယ်။ အရမ်းအခြေအနေဆိုးလာရင် သူတို့ဘက်က ဘာလုပ်ပေးမှာဲ မသိရဘူး။ အမတို့က ဆေးကုသခွင့်တောင်းတယ်။ တတိယအပတ်ဆေးရုံတက်ရကတည်းကနေ ဆရာဝန်တွေက ဆေးရုံတက်ရမယ်လို့ပြောတယ်။ အဲဒါကို ဆေးတစ်လုံးထိုးပြီး ဆေးတိုက်တယ်။ သွေးနည်းနည်း ငြိမ်တာနဲ့ ဓာတ်မှန်ရိုက်၊ သွေးစစ်တယ်။ အဲဒီဆေးမှတ်တမ်းတွေအကုန်လုံးကိုလည်း ထောာင်ကိုယူသွားကြတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းက ဒေါ်ညိုအေးကို စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ်က ရုတ်တရက် သွေးတိုးရောဂါဆိုးဝါးလာ၍ တရားရေးတာဝန်ရှိသူများက စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခိုင်းခဲ့ရသည်။

ယင်းနောက်တွင်လည်း ဒေါ်ညိုအေးကို ဆေးရုံတက်ရောက်ကုသခွင့်မပေးဘဲ စစ်တွေအကျဉ်းထောင်သို့ ပြန်ခေါ်ဆောင်သွားပြီး ထောင်အတွင်းတွင် ထောင်ဆရာဝန်များကဆေးကုသမှုပေးနေသည်ဟု အကျဉ်းထောင်တာဝန်ရှိသူများကပြောကြောင်း မစောမြသန္တာကပြောသည်။

သို့ရာတွင် ထောင်အတွင်း၌ ဆေးဝါးလုံလောက်မှုမရှိသလို ပြင်ပ၌ဆေးကုသခွင့်ရရန်အတွက် ဒေါ်ညိုအေး၏ဆေးမှတ်တမ်းကို အကျဉ်းထောင်တာဝန်ရှိသူများထံမှ တောင်းဆိုသော်လည်း ထောင်အာဏာပိုင်များက မိသားစုထံ ပေးအပ်ခြင်းမရှိတော့ကြောင်း မစောမြသန္တာက ဆက်ပြောသည်။

"ဆေးမှတ်တမ်းတွေကို အန်တီညိုနဲ့အတူတူထားရမှာ။ သူတစ်ခုခုဖြစ်ရင် ဆေးကုသပေးဖို့ ရအောင်ထားတာလို့ သူတို့ကပြောတယ်။ ကျမလည်း ဆေးရုံကဆေးစစ်ထားတဲ့ အဖြေတွေကို တောင်းဖို့ အတွက် မှတ်တမ်းလိုတယ်။ မိတ္တူကူးပြီးရင်ပြန်ပေးလာမယ်ပြောလည်း မရဘူး။ လိုချင်ရင်စောင့်ဦး။ သူတို့က အထက်ကိုတင်ပေးမယ်လို့တော့ပြောတယ်။ ၂ ရက်နေ့ ရုံးချိန်းမှာပေးမယ်ပြောပြီးလည်း မပေးဘူး" ဟုပြောသည်။

ထို့ကြောင့် ဆေးကုသခွင့်ပေးရန်အတွက် စစ်တွေအကျဉ်းထောင်တာဝန်ရှိသူများထံသို့ စာရေးသားတင်ပြ တောင်းဆိုသွားဦးမည်ဟုလည်း သူက ဆက်ပြောသည်။ (NN-8)

ဆက်စပ် သတင်းများ