အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးအမှု တရားလိုပြသက်သေနှစ်ဦးကို ဆက်လက်စစ်ဆေး


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 700

ရခိုင်အမျိုးသားရေးဆိုင်ရာ အခမ်းအနားတစ်ခုဖြစ်သည့် ဩဂုတ် ၁၃ စစ်တွေဆန်ပြဿနေ့ အခမ်းအနားကို တက်ရောက်ခဲ့သဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေး၏အမှုတွင် တရားလိုပြသက်သေနှစ်ဦးကို ဆက်လက်စစ်ဆေးခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

တရားလိုပြသက်သေများဖြစ်သည် မင်းဂံရဲစခန်းမှူးနှင့် မင်းဂံရဲစခန်းမှ ဂတ်စာရေးတို့ကို ယမန်နေ့ အောက်တိုဘာလ ၉ ရက်ရုံးချိန်းတွင် စစ်တွေမြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဒေါ်ညိုအေး၏အမှုတွင် တရားလိုပြသက်သေ သုံးဦးကျန်ရှိနေသေးပြီး လာမည့် အောက်တိုဘာလ ၁၆ ရက်ကို ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်သည်။

ယခုတစ်ပတ်ရုံးချိန်းတွင် ဒေါ်ညိုအေး၏ကျန်းမာရေးအခြေအနေမှာ ယခင်ကထက်ကောင်းမွန်လျက်ရှိသော်လည်း ဆေးကုသခွင့်ပေးရန် စစ်တွေအကျဉ်းထောင်မှူးထံသို့ တောင်းဆိုထားမှုကို ပြန်လည်အကြောင်းကြားလာခြင်းမရှိသေးကြောင်း သမီးဖြစ်သူ မစောမြသန္တာကပြောသည်။

"ပါးစပ်နဲ့လည်း တောင်းဆိုထားတယ်။ စာတင်ပြီးတော့လည်း တောင်းဆိုထားပါတယ်။ စာကိုတော့ လက်ခံထားလိုက်ပါတယ်။ ရုံးချုပ်ကို တင်ပေးမယ်၊ အဆင်ပြေရင် အကြောင်းပြန်မယ်လို့တော့ ပြောခဲ့တယ်" ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းက ဒေါ်ညိုအေးကို စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ်က ရုတ်တရက် သွေးတိုး ရောဂါဆိုးဝါးလာ၍ တရားရေးတာဝန်ရှိသူများက စစ်တွေဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခိုင်းခဲ့ရပြီး ဆက်လက်၍ ဆေးကုသမှုများခံယူရန် လိုအပ်နေသည်။

လက်ရှိတွင် ဒေါ်ညိုအေး၏ရုံးချိန်းများကို ပုံမှန်ချိန်းဆိုနေပြီး တရားလိုနှင့်လိုပြသက်သေများမှာလည်း အချိန်ဆွဲခြင်းမရှိဘဲ ရုံးချိန်းလာရောက်စစ်ဆေးခံနေ၍ တရားခွင်အမြန်ဆုံး ပြီးနိုင်မည်ဟု မျှော်လင့်ရကြောင်း သမီးဖြစ်သူက ပြောသည်။

"အမှန်တရားအတိုင်းဖြစ်စေချင်တယ်။ တရားမျှတမှုရှိစေချင်တယ်။ ကိုယ့်အမေက အဲဒီအခမ်းအနားကို ဦးဆောင်တာလည်းမဟုတ်ဘူး။ ကျင်းပဖို့အားပေးတာလည်း မဟုတ်ဘူး။ ကျောင်းသားလေးတွေစီစဉ်တဲ့ပွဲကို ဖိတ်ကြားလို့ တက်ရောက်တာဖြစ်တဲ့အတွက် တရားသဘောနဲ့ဖြစ်စေချင်ပါတယ်" ဟု ပြောသည်။

ဒေါ်ညိုအေးအမှုတွင် တရားလိုပြသက်သေများထဲမှ စခန်းမှူးတစ်ဦးနှင့် စရဖတစ်ဦးတို့ကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်ရုံးချိန်းက စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင်အမျိုးသမီး ကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့ ၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသား သမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်း အောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးပြီးနောက် စစ်တွေမြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

၎င်းကိုဖမ်းဆီးစဉ်က ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်ရုံးချိန်းတွင် ပုဒ်မ ၅၀၅(က)သို့ ပြောင်းလဲစွဲဆိုခဲ့သည်။

ယခုပြောင်းလဲစွဲဆိုလိုက်သည့် ပုဒ်မ ၅ဝ၅(က)သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော် လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ