စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ဒေါ်ညိုအေးကို ပုဒ်မ ၅၀၅(ခ)နှင့် အမှုဖွင့်ပြီး စစ်တွေထောင်ချုပ်ကို ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 958

ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးကို ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ သူ့နေအိမ်မှ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅၀၅(ခ) နှင့်အမှုဖွင့်ကာ စစ်တွေထောင်ချုပ်ကို ပို့ဆောင် လိုက်ကြောင်း သိရှိရသည်။

“ ဟုတ်တယ်။ သူ့ကို (ဒေါ်ညိုအေး) ၅၀၅(ခ) နဲ့အမှုဖွင့် တရားစွဲပြီး စစ်တွေထောင်ချုပ်ကို ပို့ထားတယ်။ အခု ကျွန်တော်တို့ တခြားအမျိုးသမီးအဖွဲ့တွေနဲ့ ဥပဒေကြောင်းအရ အကူအညီပေးဖို့ စီစဉ်နေကြတယ်။ တရားလိုက ဘယ်သူလည်းဆိုတာတော့ မသိရသေးဘူး” ဟု ဒေါ် ညိုအေးနှင့် နီးစပ်သူ တစ်ဦးကပြောသည်။


ဒေါ်ညိုအေးမှာ သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေကျောင်းသားသမဂ္ဂမှ ဦးဆောင်ကျင်းပသည့် (၅၆) နှစ် မြောက် စစ်တွေ ဆန်ပြဿနာနေ့ကို တက်ရောက်ခဲ့သည့်အတွက် ဖြစ်နိုင်ကြောင်း သူကပြောသည်။


ဒေါ်ညိုအေးမှာ အမျိုးသမီးအခွင့်အရေးနှင့် လူမှုကူညီရေး လုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပြီး (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို တက်ရောက်ရန် ဖိတ်ကြားခံရသည့်အတွက် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ညိုအေးသမီး ဖြစ်သူက သတင်းဌာနများကို ပြောဆိုထားသည်။


“ အခုလို ချက်ချင်းဖမ်း၊ ချင်ချင်းအမှုဖွင့်ပြီး မိသားစုနဲ့တောင် တွေ့ခွင့်မရဘဲ ထောင်ချုပ်ကို ပို့တာက အရင်က မရှိဘူး။ တော်တော်ထူးဆန်းတာပေါ့နော်။ နောက်ကွယ်မှာ တခုခုများရှိနေလား ဆိုတာကိုလည်း စုံစမ်းနေကြတယ်” ဟုလည်း သူက ဆက်ပြောသည်။


စစ်တွေကျောင်းသားသမဂ္ဂမှ ဦးဆောင်ကျင်းပသည့် (၅၆) နှစ် မြောက် စစ်တွေ ဆန်ပြဿနာနေ့သည်  ၁၉၆၇ ခုနှစ်က သြဂုတ်လ ၁၃ ရက်နေ့တွင် ဆန်ရှားပါးမှုကို ဖြေရှင်ပေးဖို့ စစ်တွေလမ်းပေါ်ထွက် ဆန္ဒပြ တောင်း ဆိုသူများကို စစ်တပ်က ပစ်ခတ်သည့်အတွက် လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ရသည်ကို အောက်မေ့ဖွယ်နေ့အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။


အဆိုပါနေ့တွင် သေဆုံးခဲ့ရသူများကို သတိရအောက်မေ့သည့်အနေနှင့် သြဂုတ်လ ၁၃ ရက်နေ့ကို စစ်တွေ ဆန်ပြဿနာနေ့အဖြစ် ရခိုင်အမျိုးသားများက သတ်မှတ်ထားပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ